နေပြည်တော် ဩဂုတ် ၂၈
NUG အမည်ခံ ပြည်ဖျက်အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အစိုးရ၏အုပ်ချုပ်ရေးယန္တရားများ ပျက်စီးစေရန်ရည်ရွယ်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လုံခြုံရေးအားနည်းသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ ဒေသအချို့အား အင်အားသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်ပြီး ဒေသခံပြည်သူများ၏ နေအိမ်များ၊ အစိုးရအုပ်ချုပ်မှုအဆောက်အအုံများနှင့် လမ်း၊ တံတားကြီးများအား မီးရှို့ဖျက်ဆီးဖောက်ခွဲခြင်း၊ ပြည်သူများပိုင်ဆိုင်သည့် အဖိုးတန်နှင့် အမြတ်တနိုးပစ္စည်းများအား အတင်းအဓမ္မလုယက်ယူဆောင်ခြင်း၊ လက်နက်များဖြင့် ခြိမ်းခြောက်ခြင်း၊ ဆက်ကြေးကောက်ခြင်း၊ နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ်၍ ပံ့ပိုးပေးရခြင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရဟန်း၊ သံဃာများအား အစိုးရ၊ တပ်နှင့် ရဲသတင်းပေးခေါင်းစဉ်တပ်၍ ဖမ်းဆီးသတ်ဖြတ်ခြင်းများအပါအဝင် အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်လျက်ရှိကြရာ အဆိုပါအကြမ်းဖက်လုပ်ရပ်များကြောင့် ၎င်းတို့ ရောက်ရှိရာ ဒေသများ၌ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် လူမှုစီးပွားဘဝများ အဘက်ဘက်က ချွတ်ခြုံကျခဲ့ရသည်။
ထို့ပြင် စိတ်ကူးယဉ်စစ်ရေးအိပ်မက်တစ်ခုဖြစ်သည့် နိုင်ငံ၏ ကုန်စည်ကူးသန်းမှုနှင့် လမ်းပန်းဆက်သွယ်မှုအချက်အခြာတစ်ခုဖြစ်သည့် မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက်လည်း TNLA လက်နက်ကိုင်အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ၂၀၂၄ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ ကြံစည်လုပ်ဆောင်လာခဲ့သည်။
NUG သည် မန္တလေး၊ စစ်ကိုင်းနှင့် မိတ္ထီလာ လွင်ပြင်တို့မှ လူငယ်လူရွယ်များ၊ DCS ပြုလုပ်သည့် သစ္စာဖောက်ဝန်ထမ်းများကို မက်လုံးပေးစည်းရုံးသိမ်းသွင်း၍ အကြမ်းဖက်သင်တန်းများပို့ချကာ MDY - PDF အမည်ခံအကြမ်းဖက်သမားများအဖြစ် မွေးထုတ်ခြင်း၊ ဖြစ်သည့်နည်းဖြင့် အဓမ္မအင်အားစုဆောင်းခြင်း၊ လှုံ့ဆော်အားပေးခြင်းနှင့်အတူ TNLA အကြမ်းဖက်အဖွဲ့များကပါ ပူးပေါင်း၍ ၎င်းတို့၏ စိတ်ကူးယဉ်စစ်ရေးအိပ်မက်ဖြစ်သော မန္တလေးမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှစ၍ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီး ဆက်စပ်ဒေသများ၌ ရှမ်း-မန်း စစ်ဆင်ရေးအမည်ဖြင့် စစ်ရေးအကြမ်းဖက်မှုများကို စတင်ဖော်ဆောင်လာခဲ့ကြသည်။ ၎င်းတို့သည် မန္တလေးမြို့အား အလုံးစုံသိမ်းယူရရှိနိုင်ရေးအတွက် မတ္တရာစစ်ကြောင်း၊ ပုသိမ်ကြီးစစ်ကြောင်း၊ ပြင်ဦးလွင်စစ်ကြောင်း စသည့်စစ်ကြောင်းများ သတ်မှတ်ကာ မန္တလေးသို့ ဦးတည်၍ တိုက်ကွက်များဖော်ဆောင်လာခဲ့သည်။ ထိုသို့လုပ်ဆောင်လာစဉ် မိုးကုတ်-သပိတ်ကျင်း-မတ္တရာ-မန္တလေး လမ်းကြောင်းတစ်လျှောက်နှင့် အနီးပတ်ဝန်းကျင်ရှိ မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု အစိုးရနှင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံများတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်စခန်းများအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခြင်းများကို ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) စစ်ရေးလှုပ်ရှားမှုနှင့်အပြိုင် လုပ်ဆောင်လာခဲ့ကြပြီး မန္တလေးသို့ရောက်ရှိနိုင်ရေး ကြိုးပမ်းလာခဲ့ကြသည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများ၏သာလွန်အင်အားများဖြင့် တိုက်ကွက်ဖော်ဆောင်လာခဲ့မှုများကို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြို့/ရွာများနှင့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများ ၎င်းတို့လက်အောက်သို့ ကျရောက်မှုမရှိစေရေးအတွက် မိမိတို့၏ အသက်ကိုပဓာနမထားဘဲ ရဲဝံ့စွန့်စားစွာ အပြင်းအထန်ခုခံခဲ့ကြသော်လည်း အကြမ်းဖက်သမားများအနေဖြင့် လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား အဓမ္မခြိမ်းခြောက်လူသစ်စုခြင်းဖြင့် သာလွန်အင်အားဖန်တီးလာခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြုတိုက်ခိုက်လာခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက်၊ ကျဆုံး၊ ဒဏ်ရာရရှိမှုများပြားလာကာ ပြည်သူလူထု၏ နေအိမ်များ၊ နိုင်ငံအကျိုးပြုစက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေးတို့အတွက် ကြားခံစစ်အဆင့်ဆင့်ဖြင့် စနစ်တကျ ဆုတ်ခွာပေးပြီး မတ္တရာဒေသ၌ အချိန်ကာလတစ်ခုအထိ မဆုတ်တမ်းခံစစ်စည်းသတ်မှတ်၍ စနစ်တကျဟန့်စစ်ဆင်ခြင်းနှင့် တန်ပြန်သွေးတိုးစမ်းတိုက်ခိုက်ချေမှုန်းခြင်းများ ပြုလုပ်ခဲ့သည်။ မတ္တရာဒေသ၏ အရှေ့ဘက်ရှိ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေဖြင့် မန္တလေးသို့ ရောက်ရှိနိုင်ရေးမတ္တရာဒေသအား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများ၏ လှေခွက်ချည်းကျန် အလံမလဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်နှင့်တပ်မတော်အတွက်၊ ဒေသခံပြည်သူများအတွက် စွန့်လွှတ်စွန့်စားစွာဖြင့် အပြင်းအထန်ဟန့်စစ်ဆင်ခုခံမှုများကြောင့် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်စစ်မှာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မတ္တရာမြို့၏ မြောက်ဘက်ရေနံ့သာကျေးရွာတစ်ဝိုက်၊ အရှေ့ဘက်ရှိ နိုင်ငံအကျိုးပြု အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းနေရာ တစ်ဝိုက်တို့တွင် ရပ်တန့်သွားခဲ့သည်။
ထိုသို့ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုရပ်တန့်ချိန်အတွင်း အကြမ်းဖက်သမားများအနေဖြင့် ယင်းဒေသတစ်ဝိုက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းဥစ္စာများအား ဖောက်ထွင်းယူဆောင်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း၊ စက်ရုံ၊ အလုပ်ရုံများမှ စက်ပစ္စည်းကိရိယာများ၊ ယာဉ်ယန္တရားများ၊ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ စက်ရုံထုတ်ကုန်ကြမ်း၊ ကုန်ချောများအား အသုံးပြု၍ စစ်ရေးပြင်ဆင်ခြင်း၊ ကိုယ်ကျိုးစီးပွားအတွက်အသုံးချခြင်းနှင့် နိုင်ငံ့အဖိုးတန်ထုတ်လုပ်ပြီး သတ္တုတွင်းထွက်ရတနာပစ္စည်းအရိုင်းများကို ထုတ်ယူရောင်းချ၍ ကိုယ်ကျိုးစီးပွားဆောင်ရွက်ခြင်း စသည့်အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။
TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့အနေဖြင့် NUG ၏ တွန်းအားပေးမှုနှင့်အတူ မတ္တရာဒေသအား အပြီးတိုင်သိမ်းပိုက်နိုင်ရေး အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းနေရာ၌ အခိုင်အမာခြေကုပ်ယူ၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှစ၍ မတ္တရာဒေသအရှေ့ဘက်မြကန်သာကျေးရွာရှိ အင်အားနည်းကာကင်းစခန်းတစ်ခုကို သာလွန်အင်အားအသုံးပြုတိုက်ခိုက်ခဲ့ရာ အဆိုပါကာကင်းစခန်းအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်ညပိုင်းတွင် ဗျူဟာအရ ခေတ္တခွာစစ်ဆင်၍ ဇူလိုင် ၂၁ ရက် နံနက်ပိုင်းတွင် ကြိုတင်စုဖွဲ့ထားသည့် အဓိကချေမှုန်းရေးတပ်များက အမြောက်၊ လက်နက်ကြီးပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ နေရာယူစုဖွဲ့ထားသည့် နိုင်ငံအကျိုးပြု စက်ရုံ၊ အလုပ်ရုံများအား ပြန်လည်သိမ်းပိုက်ထိန်းချုပ်ရရှိနိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ အသေးစိတ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်မှစ၍ မတ္တရာဒေသတစ်ဝိုက်ရှိ အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာစုဖွဲ့ထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းတို့အား အပြီးတိုင်ချေမှုန်းသုတ်သင်ရန် အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့ရာ မတ္တရာ-ဘိုကုန်း-ကျောက်တံတားဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ မြကန်သာကျေးရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ပန်းစလောင်းတောင်ဘက်မှ စစ်ကြောင်းတစ်ကြောင်း၊ ဘိုင်ပင်ရွာဘက်မှ စစ်ကြောင်းတစ်ကြောင်း စသည်ဖြင့် စစ်ကြောင်း ၄ ကြောင်းဖြန့်၍ တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်အဆင့်ဆင့်ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ခဲ့ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူများ၏ အပြည့်အဝအားပေးထောက်ခံမှု၊ တိုက်ပွဲဝင်အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်ခွန်အားတက်ကြွမှု၊ တိုက်လိုခိုက်လိုစိတ်ပြင်းပြမှုတို့ဖြင့် စစ်နည်းဗျူဟာမြောက် “ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း” ခြင်းအားအဆင့်ဆင့်ပေါင်းစပ်၍ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ နေရာများဖြစ်သော ကွန်ကရိဘန်ကာများ၊ မြေအောက်ကတုတ်ကျင်းများ၊ မြေခွေးကျင်းများဖြင့် တည်ဆောက်ထားသည့် အခိုင်အမာနေရာအသီးသီးကို အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၄ ရက်တွင် MDY-PDF အမည်ခံအကြမ်းဖက်သမားများ အခိုင်အမာစုဖွဲ့ထိန်းချုပ်ထားသည့် ဖယောင်းတောင်သတ္တုတွင်းဒေသအားလည်းကောင်း၊ ဩဂုတ် ၂၈ ရက်၊ ယနေ့တွင် အယ်လ်ဖာဘိလပ်မြေစက်ရုံအားလည်းကောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်းဆုံး၊ စက်ရုံ၊ အလုပ်ရုံများပျက်စီးမှုအနည်းဆုံးဖြင့် အောင်မြင်စွာ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အကြမ်းဖက်သမားများအနေဖြင့် ထိခိုက်ကျဆုံးမှုများစွာဖြင့် မတ္တရာဒေသမြောက်ဘက်ခြမ်းသို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ထိုသို့ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ဆင်ရေးကာလ ၁ လ ၇ ရက်အတွင်း TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲကြီးငယ် (၂၄) ကြိမ် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ၊ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း ၁၅ လောင်း၊ လက်နက်မျိုးစုံ ၄၆ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများစွာ သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် ၎င်းတို့၏ အခိုင်အမာနေရာများအား အယ်လ်ဖာဘိလပ်မြေစက်ရုံမှ ထွက်ရှိပြီး ဘိလပ်မြေများ၊ အယ်လ်ဖာတံဆိပ်ပါ ဘိလပ်မြေအိတ်ခွံအမြောက်အများကို အသုံးပြု၍ ကွန်ကရိဘန်ကာများ၊ မြေခွေးကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများကို တည်ဆောက်တုန့်ပြန်ခဲ့ကြခြင်းဖြစ်သည်။ ထိုသို့ အခိုင်အမာနေရာများ ပြုလုပ်၍ တပ်မတော်စစ်ကြောင်းများကို အဆင့်ဆင့်ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်းများက စက်ရုံနှင့် သတ္တုတွင်းနေရာများ ပြန်လည်သိမ်းပိုက်ရာတွင် စက်ရုံ၊ အလုပ်ရုံနေရာများရှိ အဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရေးဂရုပြု၍ ကန့်သတ်ချက်များကြားမှ ထိန်းထိန်းသိမ်းသိမ်းဖြင့် တိုက်စစ်ဆင်ခဲ့ရသည်။
အယ်လ်ဖာဘိလပ်မြေစက်ရုံသည် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ္တောကျေးရွာအုပ်စု၊ အောင်သပြေကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၇ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများ စတင်ခဲ့ကာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လတွင် ထုတ်လုပ်မှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းစက်ရုံတွင် နိုင်ငံခြားသားပညာရှင် ၈၀ ဦး၊ ပြည်တွင်းလုပ်သား ၃၀၀ ဦးတို့ဖြင့် လည်ပတ်လျက်ရှိပြီး တစ်နေ့လျှင် ဘိလပ်မြေတန်ချိန် ၅၀၀၀ ထွက်ရှိကာ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို များစွာဖြည့်ဆည်းပေးလျက်ရှိသည့် စက်ရုံတစ်ရုံဖြစ်သည်။ အဆိုပါဘိလပ်မြေစက်ရုံအား အကြမ်းဖက်အဖွဲ့များက အခိုင်အမာနေရာအဖြစ် အင်အားစုဖွဲ့နေသည့်အချိန်တွင် စက်ရုံလည်ပတ်နိုင်ခြင်းမရှိသည့်အတွက် ဒေသတွင်း ဘိလပ်မြေလိုအပ်ချက်များပြားပြီး ဈေးနှုန်းကြီးမြင့်မှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးသည့် အခြေအနေများကို ဒေသခံပြည်သူများအနေဖြင့် ခက်ခဲစွာရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် မန္တလေးမြို့ရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများ များပြားခဲ့ပြီး အဆိုပါအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘိလပ်မြေလိုအပ်ချက်များ များစွာဖြစ်ပေါ်ခဲ့ရာ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များသည် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများအပေါ် ထိခိုက်နစ်နာမှုများ များစွာဖြစ်ပေါ်စေခဲ့သည်။
အလားတူ ဖယောင်းတောင်သတ္တုတွင်း (ရွှေသန့်စင်) လုပ်ငန်းကို သတ္တုတွင်းဝန်ကြီးဌာနမှ ၁၉၈၆ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ နိုင်ငံ့အကျိုးစီးပွားအတွက် လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး ၁၉၉၈ နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်စက်ရုံအဖြစ် လုပ်ငန်းငှားရမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ သတ္တုတွင်းလုပ်ငန်းအနေဖြင့် နိုင်ငံ့အဖိုးတန်ရွှေသတ္တုအရိုင်းများအား ထုတ်လုပ်ခြင်း၊ သန့်စင်ခြင်းလုပ်ငန်းများဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလျက်ရှိသကဲ့သို့ ဝန်ထမ်းပေါင်း ၁၇၀ ကျော်ကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးလျက်ရှိသည့် အကျိုးပြုလုပ်ငန်းတစ်ခုဖြစ်သည်။ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ခေတ္တစိုးမိုးထားသည့်အချိန်အတွင်း လုပ်ငန်းဆောင်ရွက်မှုများ ရပ်တန့်သွားခဲ့ရခြင်း၊ နိုင်ငံ့အဖိုးတန်ထုတ်လုပ်ပြီး သတ္တုတွင်းထွက်ပစ္စည်းအရိုင်းများကို ထုတ်ယူရောင်းချ၍ PDF ခေါင်းဆောင်အသီးသီးက ကိုယ်ကျိုးစီးပွားဆောင်ရွက်ခြင်းတို့ကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် စက်ရုံဝန်ထမ်းများအတွက် များစွာထိခိုက်နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ယခုအခါ TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ခေတ္တစိုးမိုးထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံနှင့် ဖယောင်းတောင်သတ္တုတွင်းလုပ်ငန်းကို တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည့်အတွက် အကြမ်းဖက်အဖွဲ့များ ဖျက်ဆီးခဲ့သည့် စက်ရုံအဆောက်အအုံများနှင့် စက်ပစ္စည်းကိရိယာများကို လိုအပ်သည့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်၍ စက်ရုံများ ပြန်လည်လည်ပတ်နိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ သို့ဖြစ်၍ ဒေသတွင်းဘိလပ်မြေလိုအပ်ချက်များကို ဈေးနှုန်းသက်သာစွာ ပြန်လည်ဖြည့်ဆည်းပေးနိုင်မည့်အပြင် ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းများလည်း ပြန်လည်ဖော်ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
တပ်မတော်စစ်ကြောင်းများအနေဖြင့် မတ္တရာနှင့် သပိတ်ကျင်းမြို့နယ်အကြား TNLA နှင့် MDY - PDF အမည်ခံအကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့များ ကျန်ရှိနေသေးသည့် နေရာများအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရှိရပြီး နယ်မြေရှင်းလင်းခြင်းနှင့်အတူ နိုင်ငံတော်နှင့် ပုဂ္ဂလိကပိုင် အဖိုးတန်သတ္တုတွင်းထွက်ပစ္စည်းများ ထွက်ရှိရာနေရာများ၊ စက်ရုံ၊ အလုပ်ရုံများတို့ကိုလည်း ထိခိုက်ပျက်စီးဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။