Skip to main content

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် နေပြည်တော်ကောင်စီနယ်မြေ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၇

ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည့် လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် ဩဂုတ် ၂၆ ရက်ညပိုင်းနှင့် ယနေ့မွန်းလွဲပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းကာ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ ပင်လောင်းလမ်းဆုံအနီး ကားလမ်းမပေါ်နှင့် ပျဉ်းမနားမြို့နယ် ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများနှင့်ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များက ပြည်သူများဘေးအန္တရာယ်မရှိစေရန်၊ သွားလာမှုအခက်အခဲမရှိစေရန်နှင့် အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။

ထို့အပြင် ကျန်းမာရေးနှင့်ဆေးအကာအကွယ်ပေးရေးအဖွဲ့များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များသည် လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ စက်လှေများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

သတင်းစဉ်