Skip to main content

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေးကျင်းပ

ရန်ကုန် သြဂုတ် ၂၇

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ အစည်းအဝေး(၂/၂၀၂၅)ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌဆရာတော်များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (သင်ကြား/စီမံ)နှင့် မော်ကွန်းထိန်းဆရာတော်များ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များ၊ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပြင်ပပညာရှင်များ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော်အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကောဝိဒက တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့ဝင်အပေါင်းတို့သည် လူ့ဘုံတွင် ကံ၊ ဉာဏ်၊ ဝီရိယသုံးပါးထဲ၌ ကံတစ်ခုတည်းနှင့် အကျိုးခံစားရသော ဘုံမဟုတ်သည့်အတွက်ကြောင့် သာသနာတော်ထွန်းကားပြန့်ပွားရေးကိစ္စများကို ဆောင်ရွက်ကြသည့်အခါတွင် ဉာဏ်နှင့်စဉ်းစားပြီး ကောင်းမြတ်သော လုံ့လဝီရိယဖြင့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “ဝီရိယဝတောကိံ နာမကမ္မံ နသိဇ္စျတိ” ဆိုသည့်အတိုင်း မပြီးမြောက်နိုင်သော မအောင်မြင်နိုင်သောကိစ္စမည်သည် အဘယ်မှာရှိလိမ့်မည်နည်း၊ ဧကန်မုချ ပြီးမြောက်အောင်မြင်မည်ဖြစ်ကြောင်း၊ ဝီရိယနှင့်တွဲဖက်၍ ဉာဏ်နှင့်ယှဉ်ပြီးလည်း စည်းလုံးညီညွတ်စွာဖြင့် ကျန်းမာချမ်းသာစွာဆောင်ရွက်နိုင်ကြပါစေဟု ဆန္ဒပြုတိုက်တွန်းကြောင်း အဖွင့်သြဝါဒကထာ မြွက်ကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အတွင်းရေးမှူး သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က တက္ကသိုလ်များအုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး(၁/၂၀၂၅) ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကိုလည်းကောင်း၊ တက္ကသိုလ်များ ဗဟိုပညာရေးအဖွဲ့အစည်းအဝေး (၂/၂၀၂၅) တင်ပြချက်များကိုလည်းကောင်း လျှောက်ထားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့်ဆရာတော်များနှင့် ပညာရှင်လူပုဂ္ဂိုလ်များက တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂/၂၀၂၅)နှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဆွေးနွေး၍ ဆုံးဖြတ်ချက် ၁၁ ချက်နှင့် မှတ်တမ်းတင်ခြင်းတစ်ရပ်တို့ကို ချမှတ်အတည်ပြုခဲ့ပြီး သဘာပတိဆရာတော်က ဘုရားရှင်၏ သာသနာတော်နှင့်တွေ့ကြုံပြီး သဒ္ဓါတရား၊ စေတနာတရားစသော ကောင်းမြတ်သည့်တရားတော်နှင့် ပြည့်စုံကြသောကြောင့် ဗုဒ္ဓဘာသာ၏တရားများကို သိရှိခွင့်၊ သင်ကြားခွင့်၊ ပြန်လည်ပို့ချခွင့်များရခဲ့ကြကြောင်း၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ကြီးများ တိုးတက်စည်ပင်ပြီး ပညာရှင်ပညာတတ်ရဟန်းတော်များ ပေါ်ထွန်းလာအောင် ကြီးမားသောပညာသတိသမာဓိဖြင့် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်သြဝါဒကထာမြွက်ကြားသည်။

ထို့နောက် အစည်းအဝေးကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းပြီး ပြည်ထောင်စုဝန်ကြီးက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်