ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA) တွင် ခန့်အပ်ထားသည့် စစ်ဆေးအကဲဖြတ်သူ(Assessor)များအတွက် စစ်ဆေးအကဲဖြတ်ရေးဆိုင်ရာ အချက်အလက်များနှင့် မေးခွန်းများကို Database မှ စနစ်တကျ ထုတ်ယူအသုံးပြုနိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် Test Item Database User Training သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပသည်။
ဦးစွာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က NSSA ၏ အလုပ်အကိုင်အလိုက်ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ရာတွင် Chief Assessor နှင့် Assessor များက စစ်ဆေးရေးဆိုင်ရာ စာတွေ့/ လက်တွေ့မေးခွန်းများကို Test Item Database မှ ထုတ်ယူသုံးစွဲရခြင်းဖြစ်ပြီး မေးခွန်းဘဏ်တွင် မေးခွန်းများထည့်သွင်းခြင်းနှင့် ထုတ်ယူသုံးစွဲခြင်းနည်းစနစ်များကို သင်တန်းသားများအနေဖြင့် သေချာစွာ နာယူမှတ်သားအသုံးချရန်လိုကြောင်း၊ Test Item Database တွင် ထည့်သွင်းထားသည့် မေးခွန်းများကို အရည်အသွေးပြည့်ဝသော မေးခွန်းများဖြစ်စေရေး၊ ခေတ်ကာလနှင့်အညီ မေးခွန်းများကို အဆင့်မြှင့်တင်နိုင်ရေးနှင့် မေးခွန်းများကို ပြောင်းလဲပြင်ဆင်ရန် လိုအပ်မှု ရှိ၊ မရှိ ဆန်းစစ်လေ့လာ၍ လက်တွေ့နယ်ပယ်တွင် အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
သင်တန်းကို NSSA ရှိ လုပ်ငန်းကဏ္ဍငါးခုမှ စစ်ဆေးအကဲဖြတ်သူ သင်တန်းသား ၂၀ ပါဝင် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်