Skip to main content

ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက်အအုံများ စစ်ဆေးတမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိ

နေပြည်တော် ဩဂုတ် ၂၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူထိန်းသိမ်းလျက်ရှိသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဆည်တမံများ၏ ကြံ့ခိုင်မှုနှင့် ဆက်စပ်ရေအားအဆောက်အအုံများအား စဉ်ဆက်မပြတ် စောင့်ကြည့်စစ်ဆေးခြင်းကို အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုစီမံချက် (Emergenacy Preparedness Plan -EPP)ပါ လုပ်ငန်းစဉ်များအတိုင်း စနစ်တကျဆောင်ရွက်လျက်ရှိပြီး ဆည်တမံဆိုင်ရာကျွမ်းကျင်သူပညာရှင်များ၏ စစ်ဆေးအတည်ပြုချက်များအရတမံများ၏ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာအနီးရှိ ရေဆင်းရေလှောင်တမံသို့ သွားရောက်၍ ဝင်ရေသိုလှောင်ထားရှိမှုနှင့် တမံထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။ ရေဆင်းရေလှောင်တမံအနေဖြင့် လက်ရှိအချိန်တွင် ကန်ရေပြည့်နီးပါး သိုလှောင်ထားရှိပြီး ရေဝေရေလဲဧရိယာအတွင်း အဆက်မပြတ်မိုးရွာသွန်းနေသဖြင့် ပုံမှန်ထိန်းသိမ်းမှုအဖြစ် ရေထိန်းမျှော်စင်မှ ရေဆင်းမြောင်းအတွင်းသို့ ရေထုတ်လွှတ်လျှော့ချခြင်းသာရှိပြီး ရေပိုလွှဲမှရေကျော်ကျခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေါင်းလောင်းရေလှောင်တမံသို့ရောက်ရှိ စစ်ဆေး ကြရာ တာဝန်ရှိသူများက အထက်ပေါင်းလောင်းတမံရေပိုလွှဲမှ ရေထုတ်လွှတ်နေမှု၊ ရေဝေရေလဲဒေသအတွင်း မိုးရွာသွန်းမှုနှင့် စီးဝင်ရေပမာဏ၊ နောက်မိုးဆက်လက်ရွာသွန်းနိုင်မှုနှင့် ရေပိုလွှဲမှစီးထွက်သည့် ရေပမာဏတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လက်ရှိရေသိုလှောင်ထားရှိမှုပမာဏအရ တမံကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို စိုးရိမ်ဖွယ်မရှိသော်လည်း သတ်မှတ်ထားသည့် စောင့်ကြည့်ထိန်းသိမ်းရေးလုပ်ငန်းများကို ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်နှင့်(EPP)ပါ လုပ်ငန်းစဉ်များအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ကြရန် တာဝန်ရှိသူများကို ဆွေးနွေးမှာကြားသည်။

ယနေ့နံနက်ပိုင်း တိုင်းထွာချက်များအရ ပေါင်းလောင်းရေလှောင်တမံတွင် မိုးရေချိန် ၃ ဒသမ ၅ လက်မခန့် ရွာသွန်းခဲ့ပြီး အထက်ပေါင်းလောင်းတမံနှင့် ရေဝေရေလဲဒေသများမှ စီးဝင်ရေများကြောင့် ပေါင်းလောင်းရေလှောင်တမံ၏ ရေပိုလွှဲမှငါးပေခွဲခန့် ရေကျော်ကျလျက်ရှိကာ အဆိုပါစီးဆင်းရေများသည် ပေါင်းလောင်းမြစ်နှင့် တစ်ဆက်တည်းဖြစ်သော စစ်တောင်းမြစ်အတွင်း စီးဆင်းလျက်ရှိခြင်းကြောင့် ဒေသအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ရန်မရှိကြောင်းနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများသည် မိုးအဆက်မပြတ်ရွာသွန်းနေခြင်းကြောင့် ဒေသအတွင်းရှိ လျှိုမြောင်များမှ စီးဆင်းလာခြင်းဖြစ်ပြီး ယာယီရေကြီးရေလျှံမှုမျှသာဖြစ်သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီးရှိ ငလိုက်ရေလှောင် တမံသို့ရောက်ရှိပြီး ယခုနှစ်မိုးရာသီတွင် ဆည်တမံများ ရေပြည့်သိုလှောင်နိုင်မှုအရ လာမည့်ဆောင်းသီးနှံနှင့် နွေသီးနှံများစိုက်ပျိုးခြင်းအတွက် ဧရိယာအလိုက် စိုက်ပျိုးမည့်သီးနှံ၊ ရေလိုအပ်ချက်စသည့် ရေပေးဝေမှုလုပ်ငန်းများ စနစ်တကျစီမံနိုင်ရေးကိုသက်ဆိုင်ရာဌာနများနှင့် ကြိုတင်ညှိနှိုင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့အတူ နံနက်ပိုင်းကလည်း ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် နေပြည်တော် တပ်ကုန်းမြို့နယ် ကင်းသာရေထိန်းတမံသို့ သွားရောက်၍ ရေဆင်းဧရိယာအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တမံအတွင်းသို့ စီးဝင်ရေများပြားစွာဝင်ရောက်ခဲ့မှု၊ တမံဘေးကင်း လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အလားတူ ဆင်သေရေလွှဲဆည်သို့သွားရောက်ပြီး ယာယီရေတားတမံမကျိုးပေါက်စေရေး၊ သဲထုတ်ရေတံခါးများမှ ရေထုတ်လွှတ်မှု၊ ရေသောက်စနစ်အတွင်းရှိ ရေပေးမြောင်းနှင့် ရေပေးအဆောက်အအုံများ ရေကြီးရေလျှံမှုကြောင့် ထိခိုက်မှုလျော့ပါးသက်သာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်