Skip to main content

ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများ ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

နေပြည်တော် ဩဂုတ် ၂၇

ပြည်ထဲရေးဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့/ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ အမြဲတမ်းအတွင်းဝန်၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ တပ်ဖွဲ့ဝင်/ဝန်ထမ်းများ၊ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများနှင့် မိဘများ၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတည်ဆောက်ရာ၌ အခြေခံအုတ်မြစ်ဖြစ်သည့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် မိမိနိုင်ငံ၏အနာဂတ်အတွက် အရေးပါဆုံး ရင်းနှီးမြှုပ်နှံမှုဖြစ်ပါကြောင်း၊ နိုင်ငံသားတိုင်း အမှားအမှန်၊ အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်ပညာ” ပြည့်စုံမှသာ နိုင်ငံ့အကျိုးသယ်ပိုးနိုင်မည့် “စစ်မှန်သည့်အင်အား” တစ်ရပ်ကို ထူထောင်နိုင်မည်ဖြစ်ပါကြောင်း၊ “ပညာမြင့်မှလူမျိုးတင့်မည်” ဆိုသည့်ဆောင်ပုဒ်မှာ မည်သည့်ခေတ်ကာလတွင်မဆို အမြဲမှန်ကန်နေမည်ဖြစ်ကြောင်း၊ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း နိုင်ငံအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဝိဇ္ဇာနှင့်သိပ္ပံနယ်ပယ်နှစ်ခုစလုံးတွင် ကျွမ်းကျင်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ လိုအပ်သဖြင့် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်နှစ်ခုစလုံးကို တန်ဖိုးထားလေ့လာကြရန် တိုက်တွန်းလိုကြောင်း၊ ကျောင်းသားမိဘ ဝန်ထမ်းများအနေဖြင့် သားသမီးများကို ပညာအမွေလက်ဆင့်ကမ်းကာ မိမိတို့ထက်သာလွန်သော နိုင်ငံ့သားကောင်းရတနာများဖြစ်စေရေး ဆုံးမသွန်သင်ပေးရန်နှင့် ကောင်းမွေပေးရန်လိုကြောင်း တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တပ်ဖွဲ့/ဦးစီးဌာနများရှိ ဝန်ထမ်းများ၏ သားသမီးများထဲမှ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်များသို့ တက်ရောက်နေကြသူများကိုယ်စား ကိုယ်စားလှယ်သုံးဦးနှင့် ခြောက်ဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ငါးဘာသာဂုဏ်ထူးရှင် ၁၁ ဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက လေးဘာသာဂုဏ်ထူးရှင် ၁၂ ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိများက လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးရှင်များကို ပညာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

သီဆိုဖျော်ဖြေ

ထို့နောက် ဂုဏ်ထူးရကျောင်းသား ကျောင်းသူများကိုယ်စား ခြောက်ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

ယနေ့အခမ်းအနားတွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၏ သား/သမီး၊ ကျောင်းသား ကျောင်းသူများအနက် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များသို့ တက်ရောက်နေကြသူ ၅၃ ဦးနှင့် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ခြောက်ဘာသာဂုဏ်ထူးရှင်ရှစ်ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ၁၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၃၄ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၀၁ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၉၈ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၁၅၅ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၄၁၁ ဦး၊ ရိုးရိုးအောင်မြင်သူ ၈၈၁ ဦးတို့ကို ပညာရည်ချွန်ဆုများနှင့် ပညာသင်စရိတ်များ ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်