ကမ္ဘာပေါ်ရှိနိုင်ငံအများစုသည် ပညာရေးကိုအခြေခံပြီး နိုင်ငံကိုတည်ဆောက်နေကြသည်။ ပညာရေးသည် လူတစ်ဦးတစ်ယောက်အတွက်သာလျှင် အရေးပါသည် မဟုတ်၊ လူ့ပတ်ဝန်းကျင်အသိုက်အဝန်းကို တည်ဆောက်ခြင်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများတွင်လည်း အဓိကနေရာမှ ပါဝင်လျက်ရှိသည်။ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတည်ဆောက်ရေးတွင်လည်း ဒီမိုကရေစီသဘောတရားများနှင့်အတူ လက်တွေ့အကောင်အထည်ဖော်သည့်အခါတွင် ပညာတတ်မြောက်မှု အရည်အသွေးမြင့်မားနေရန် လိုအပ်သည်။
“နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ နိုင်ငံသူ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ပြီး ပညာအရည်အသွေးပြည့်ဝသည့် လူငယ်များ၏အား အများကြီးလိုအပ်ကြောင်း၊ “ပညာ”ဆိုသည်မှာ အမှားအမှန်၊ အကောင်းအဆိုး၊ အကြောင်းအကျိုးကို သိရှိနားလည်ပြီး စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားနိုင်သည့် “အသိဉာဏ်”ပင်ဖြစ်ကြောင်း” နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့သည်။
မျက်မှောက်ကာလတွင် ဒီမိုကရေစီစနစ်နှင့်ကိုက်ညီမည့် အသိဉာဏ်၊ ဗဟုသုတ၊ အတွေးအခေါ်များရှိကြရန် အထူးလိုအပ်လျက်ရှိသည်။ အခြေခံပညာသင်ကျောင်းများတွင် သင်ကြားပေးလိုက်သည့် စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များသည် မြန်မာနိုင်ငံနှင့် ဆီလျော်လိုက်ဖက်သည့် ဒီမိုကရေစီကျင့်စဉ်ကောင်းများ ၏ အခြေခံအုတ်မြစ်များဖြစ်သည်။ ထို့ကြောင့် ကလေးသူငယ်လူငယ်လူရွယ်များ စဉ်ဆက်မပြတ် ပညာသင်ကြားရေးနှင့်လူငယ်များအတွက် အတတ်ပညာသာမက အသိပညာ၊ ဗဟုသုတများ ပြည့်ဝရေးသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးသည်။ အရေးကြီးသည့်အသိပညာများကို ကျောင်းတွင် ကျေညက်အောင်လေ့လာပြီး လက်တွေ့ဘဝတွင် ပြန်လည်အသုံးပြုသင့်ပေသည်။
“ပညာရဲရင့် ပွဲလယ်တင့်”၊ “ပညာရွှေအိုး လူမခိုး”ဟူသော အဆုံးအမများသည် ပညာ၏တန်ဖိုးများပင်ဖြစ်ပြီး “ငယ်စဉ်အခါပညာရှာ”ဆိုသည့်စကားသည် နုပျိုငယ်ရွယ်စဉ်ဘဝတွင် ပညာရှာဖွေဆည်းပူးရန် တိုက်တွန်းထားခြင်းဖြစ်သည်။ လူတစ်ယောက်သည် ပညာရှာဖွေ၊ ပညာဆည်းပူး၊ ပညာတတ်မြောက်ရုံဖြင့် မပြည့်စုံသေးဘဲ ပညာရေးဆောင်ပုဒ်ဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ” ဆိုသည့်အတိုင်း ပညာရှာဖွေဆည်းပူးသည့်အခါတွင် အခြေခံစိတ်ဓာတ်ကောင်းမွန်မှုနှင့်အတူ စည်းကမ်းဥပဒေလေးစားလိုက်နာရန်လည်း အရေးကြီးသည်။ ထို့ကြောင့် နိုင်ငံတော်၏ပညာရေး စဉ်ဆက်မပြတ်တိုးတက်စေရန်အတွက် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် “အမျိုးသားပညာရေးကဏ္ဍ”ကို နိုင်ငံတော်က တာဝန်ယူပုံဖော်ပေးနေသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံပညာအဆင့်ကို တတ်မြောက်အောင်မြင်ပြီးသည့်နောက် မကြာမီတွင် တက္ကသိုလ်အသီးသီးသို့ ဆက်လက်တက်ရောက်ကာ အဆင့်မြင့်ပညာရပ်များကို ဆည်းပူးလေ့လာကြရမည်ဖြစ်သည်။ ပညာဆည်းပူးခြင်းသည် လူ့စွမ်းအားအရင်းအမြစ်ကောင်းများဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်နေခြင်းပင်ဖြစ်သည်။ ပညာပြည့်ဝမှသာ မိမိတို့ဆန္ဒရှိသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ အသိဉာဏ်ဆင်ခြင်တုံတရားမြင့်မားမှသာ မိမိတို့ရည်မှန်းချက်ပန်းတိုင် ရေရှည်တည်တံ့ခိုင်မြဲမည်ဖြစ်သည်။ ထို့ကြောင့် သင်ယူဆည်းပူးရရှိထားသော အသိပညာ၊ အတတ်ပညာများ၊ အလေ့အကျင့်ကောင်းများနှင့် ခံယူချက်ကောင်းများကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
ယနေ့ကမ္ဘာကြီးသည် နည်းပညာဆန်းသစ်မှုများကြောင့် အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲဖြစ်ပေါ်နေသည်။ ထိုသို့ပြောင်းလဲမှုများနှင့်အတူ လူငယ်လူရွယ်များကလည်း လိုက်ပါနိုင်အောင် ကြိုးစားအားထုတ်ကြရန်လိုသည်။ ပြောင်းလဲမှုများနှင့်အတူ ကြိုးစားအားထုတ်သည့်အခါတွင် သတင်းအချက်အလက်၊ မီဒီယာခေတ်နှင့်အညီ မျက်ခြည်မပြတ် လိုက်ပါနေရန်လိုအပ်သည်။ ပြောင်းလဲနေသော ခေတ်ရေစီးကြောင်းနောက်တွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့ စရိုက်အစဉ်အလာကောင်းများ တိမ်မြုပ်မသွားစေရန်လည်း ဆင်ခြင်ထိန်းသိမ်းကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ၌ သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံဖန်တီးသတင်းများသည် လူတစ်ဦးတစ်ယောက်ချင်းစီမှသည် လူ့အဖွဲ့အစည်းတစ်ခုလုံးကို သိမ်းသွင်းဖြားယောင်းလျက်ရှိရာ ယင်းတို့ကို မှန်ကန်သည့်အသိ၊ သတိ၊ ပညာတို့နှင့် ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိရန်လိုသည်။
သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူများအနေဖြင့် အသိပညာ၊ အတတ်ပညာ များအား စဉ်ဆက်မပြတ် ဆည်းပူးလေ့လာနေရမည်ဖြစ်သလို ဘဝတွင်အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရချိန်တွင် မှန်ကန်သည့် အသိဉာဏ်ပညာများနှင့် ဖြေရှင်းတတ်နိုင်ရန် ပညာဝမ်းစာပြည့်ဝအောင် လေ့လာဆည်းပူးဖြည့်ဆည်းပြီး ပညာပြည့်ဝနှလုံးလှသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများအဖြစ် နိုင်ငံ့အကျိုးကို သယ်ပိုးစွမ်းဆောင်ပေးကြရမည်ဖြစ်ပါကြောင်း။ ။