နေပြည်တော် ဩဂုတ် ၂၆
(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ (12th ASEAN Mini-sterial Meeting on Social Welfare and Deve-lopment-AMMSWD and Related Meetings)ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် Video Conference ဖြင့် ဩဂုတ် ၂၆ ရက်မှ ၂၉ ရက်အထိ နေပြည်တော်ရှိ M-Gallery Hotel ၌ လက်ခံကျင်းပသည်။
အဆိုပါ အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ကျင်းပရာ အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ဖွင့်ပွဲအပြီးတွင် အကြိမ်(၂၀)မြောက် အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သောအဖွဲ့ အစည်းများဖိုရမ် (20th ASEAN GO-NGO Forum)ကို ဆက်လက်ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံး ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး အာဆီယံနိုင်ငံများရှိ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အစိုးရဌာနများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံတကာ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ အစိုးရဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။
အဆိုပါ Forum တွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများအတွက် ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအပေါ် အာဆီယံဒေသ တွင်းနိုင်ငံအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ Speaker များက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး အကြံပြုချက်များကို ဖော်ထုတ်ခဲ့သည်။
ဩဂုတ် ၂၇ ရက်တွင် (၃) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ပေးပွဲအခမ်းအနား၊ (၂၁) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (21st SOMSWD Meeting) ကိုလည်းကောင်း၊ ၂၈ ရက်တွင် အကြိမ် (၂၀)မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ+၃ အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး (20th SOMSWD + 3 Meeting)နှင့် (၇)ကြိမ်မြောက် အာဆီယံဒေသတွင်း အားလုံးအကျုံးဝင်ပါဝင်နိုင်သော စွန့်ဦးတီထွင်မှုဆိုင်ရာ ကျွမ်းကျင်သူများ ကွန်ရက်အစည်းအဝေး (7th Network of Experts on Inclusive Entrepreneurship for ASEAN-NIEA)တို့ကိုလည်းကောင်း၊ ၂၉ ရက်တွင် (၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (12th ASEAN Ministerial Meeting on Social Welfare and Development-AMMSWD)နှင့် (၈)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးများအဆင့် အစည်းအဝေး (8th AMMSWD+3 Meeting)တို့ကိုလည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။
ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Jaime Nadal Roig အား ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNFPA တို့အကြား လက်မှတ်ရေးထိုးထားသည့် လုပ်ငန်းစီမံချက်အရ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ပေးအပ်ခဲ့မှု၊ အဆိုပါလုပ်ငန်းစီမံချက် သက်တမ်းတိုးဆောင်ရွက်ရေး၊ ငလျင်ဘေးသင့် ပြည်သူများအတွက် အကူအညီပေးအပ်ခဲ့မှု၊ မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော UNFPA ဝန်ထမ်းများ၏ ဗီဇာနှင့် နေထိုင်ခွင့်ဆိုင်ရာကိစ္စရပ်များအတွက် ဝန်ကြီးဌာနအနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနေမှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်