Skip to main content

ဟိုတယ်များအနေဖြင့် မြန်မာမှုပစ္စည်းများနှင့်မြန်မာ့အစားအစာများကို တန်ဖိုးမြင့်ပုံစံများဖြင့် တီထွင်ဆန်းသစ်အသုံးပြုနိုင်ရေးကြိုးစား

နေပြည်တော် ဩဂုတ် ၂၆

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟိုတယ်များမှ တာဝန်ရှိသူများက ဧည့်ဝန်ဆောင်မှုပေးနေမှု၊ ဧည့်သည်လာရောက်တည်းခိုမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များအနေဖြင့် နိုင်ငံတကာနှင့် ဝန်ကြီးဌာနမှသတ်မှတ်ထားရှိသော ဟိုတယ်ဆိုင်ရာစံသတ်မှတ် ချက်များအတိုင်း အဆင့်အတန်းမီဟိုတယ်များဖြစ်စေရေး၊ ကောင်းမွန်သော စီမံခန့်ခွဲမှုပုံစံများနှင့် အလေ့အကျင့်ကောင်းများ မျှဝေပေးကြရေး၊ မြန်မာမှုပစ္စည်းများနှင့် မြန်မာ့အစားအစာများကို တန်ဖိုးမြင့်ပုံစံများဖြင့် တီထွင်ဆန်းသစ်အသုံးပြုနိုင်ရန် ကြိုးစားကြရေး၊ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်တည်းခိုမှုများပြားစေရန် ဆွဲဆောင်ကြိုးစားကြရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ကြရေးမှာကြားသည်။

ထို့နောက် ကန်တော်ကြီး ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း သင်တန်းကျောင်းသို့သွားရောက်၍ ဆရာဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်ကာ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း၊ ဧည့်ဝန်ဆောင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုကို ကြည့်ရှုစစ်ဆေးပြီးဟိုတယ်နှင့်ခရီးသွား ကဏ္ဍမှလိုအပ်လျက်ရှိသော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် Chatrium ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအားတွေ့ဆုံ၍ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ရေးဆွဲနိုင်ရေး၊ မြန်မာနိုင်ငံခရီးသွားမြှင့်တင်ရေး ဆိုင်ရာအစီအစဉ်များရေးဆွဲရေး၊ နိုင်ငံတကာ၌ ခရီးသွားမြှင့်တင်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေသည့် လေ့လာချက်များနှင့် ကိုးကားအကောင်အထည်ဖော်ရေး၊ ခရီးသွားမြှင့်တင်ရေးအဖွဲ့တွင်ပါဝင်သည့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များအား အကောင်အထည်ဖော်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကိုတင်ပြကြပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပင်မစီမံကိန်း (၂၀၂၆-၂၀၃၀) ကို ခေတ်စနစ်နှင့်အညီ ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်ရေး အစိုးရ-ပုဂ္ဂလိကကိုယ်စားလှယ်များပါဝင် သောလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ကြရေး၊ စီမံကိန်းများ ရေးဆွဲရာတွင်အချိန်၊ တန်ဖိုး၊ လုပ်နည်းနှင့် ကုန်ကျမှုတို့ကို ဟန်ချက်ညီအောင်ဆောင်ရွက်ကြရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းပြောကြားသည်။

သတင်းစဉ်