Skip to main content

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား သံအဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုး

နေပြည်တော် ဩဂုတ် ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား သံအဖွဲ့သို့မဟုတ် ကောင်စစ်ဝန်ရုံးတို့မှ အဖွဲ့ဝင်များ၏ မှီခိုသူမိသားစုဝင်များကို အကျိုးအမြတ်ရှိသော အလုပ်အကိုင်များတွင် လုပ်ကိုင်ခွင့်ပြုခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့တွင်နေပြည်တော်ရှိ Park Royal ဟိုတယ်၌ ကျင်းပသည်။

အဆိုပါ သဘောတူညီချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် ရှေ့မှောက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်းနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Mr. Abhay Thakur တို့က နှစ်နိုင်ငံကိုယ်စား လက်မှတ်ရေးထိုးခဲ့ကြသည်။

အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယသံရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ သဘောတူညီချက် သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ခိုင်မာသည့်ဆက်ဆံရေးနှင့်မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုကို ဖော်ပြလျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်