နေပြည်တော် ဩဂုတ် ၂၆
ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့်မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တွေ့ဆုံအမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ သံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် သွားရောက်တာဝန် ထမ်းဆောင်ကြမည့် အရာထမ်းများနှင့် အမှုထမ်းများက သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံများ၊ ယခုသွားရောက်တာဝန်ထမ်းဆောင်ရမည့် နိုင်ငံများကို မိတ်ဆက်တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် အရာထမ်း၊ အမှုထမ်းများအား ရွေးချယ်စေလွှတ်ခြင်းခံရမှုအပေါ် ဝမ်းသာဂုဏ်ယူကြောင်း၊ သံတမန် ဝန်ထမ်းတစ်ဦးအနေဖြင့် မိမိနိုင်ငံတော်အပေါ် သစ္စာရှိရန် အထူးမှာကြားလိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးအား အစဉ်အလေးထား၍ တာဝန်ထမ်းဆောင် ကြရန်လိုအပ်ကြောင်း၊ ထမ်းဆောင်ရမည့်တာဝန်များကို မိမိတို့၏အသက်နှင့်ထပ်တူ အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သံတမန်တစ်ဦး၏အရည်အသွေး၊ အရည်အချင်းများနှင့်ပြည့်စုံပြီး ဆင်ခြင်တုံတရားရှိရှိ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ Good Listener ကောင်းတစ်ယောက်ဖြစ်မှသာလျှင် လေ့လာသင်ယူနိုင်ပြီး အကျိုးရှိစွာပြန်လည် အသုံးချဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
အဓိကဘာသာစကားဖြစ်သည့် အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်စွာပြောဆိုနိုင်မှသာလျှင် မိမိအား အရေးကြီးသော လုပ်ငန်းတာဝန်များကို ပေးအပ်လာပါက မိမိအနေဖြင့် တိုက်ရိုက်ဆက်သွယ် ပြောဆိုဆက်ဆံနိုင်မည်ဖြစ်ကြောင်း၊ သုံးနှစ်တာကာလအတွင်း သွားရောက်တာဝန်ထမ်းဆောင်မည့် နိုင်ငံ၏ဘာသာစကားအပြင် အခြားဘာသာစကား များကိုလည်း တတ်မြောက်နိုင်ရေး ကြိုးစားလေ့လာ သင်ယူစေလိုကြောင်း၊ ယခင်က ကြုံတွေ့ခဲ့ရသည့် ပြဿနာရပ်များကို လေ့လာသင်ယူကာ ကိုယ်ပိုင်အကြံဉာဏ်ဖြင့် ဖြေရှင်းနိုင်ရေး Problem Solving Skill ရှိရန်လိုအပ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းရာတွင် စိတ်ဝင်စားမှုရှိပြီး ပိုမိုကောင်းမွန်သော နည်းလမ်းများကိုလည်း စဉ်းစားထားရန် အရေးကြီးကြောင်း၊ တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားထိခိုက်စေမည့်ကိစ္စရပ်များကို ရှောင်ရှားစေလိုကြောင်း။
သံတမန်ဆိုသည်မှာ နိုင်ငံကိုကိုယ်စားပြု၍ မိမိနိုင်ငံ၏ အကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကိုဖော်ဆောင်ကြရခြင်းဖြစ်ကြောင်း၊ လူအင်အားအနည်းဆုံးဖြင့် ကြီးမားသည့်တာဝန်ကို ထမ်းဆောင်ရခြင်းဖြစ်၍ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စည်းလုံးစွာ ဆောင်ရွက်ကြစေလိုကြောင်း၊ အထူးသဖြင့် ကျန်းမာရေးကို အထူးဂရုစိုက်ရန် မှာကြားလိုကြောင်း၊ နိုင်ငံ့သိက္ခာကျစေမည့် ကိစ္စရပ်များကို မလုပ်ရန်လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ပညာရပ်များကို လေ့လာနိုင်သည့် အခွင့်အရေးများစွာရှိသည့်အတွက် ကြိုးစားသင်ယူကြစေလိုကြောင်း၊ သွားရောက်တာဝန်ထမ်းဆောင်မည့်နိုင်ငံ၏ ကောင်းမွန်သောအမူအကျင့်၊ အလေ့အထများကိုလည်း လေ့လာဆည်းပူးနိုင်ပြီး အသုံးချတတ်ရန်လိုအပ်ကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ရည်ကိုယ်သွေးကောင်းမွန်အောင်၊ ထက်မြက်အောင်၊ ဂုဏ်သိက္ခာရှိအောင်၊ တစ်ဆင့်ထက်တစ်ဆင့် ပိုမိုမြင့်မားလာစေအောင် ကြိုးစားနေကြရမည်ဖြစ်ပြီး မိမိတို့၏ Capacity ကို အမြဲမြှင့်တင်နေရန်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် အောင်မြင်မှုများရရှိကြသည်ကိုသာ မြင်တွေ့လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့တာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်