ရန်ကုန် ဩဂုတ် ၂၆
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ကြီးမှူးကျင်းပသည့် တရုတ်ပြည်သူများ၏ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်နှင့်စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲ (တတိယသုံးလပတ် မြန်မာ-တရုတ် မီဒီယာတွေ့ဆုံပွဲ)ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျား၊ မြန်မာနိုင်ငံအခြေစိုက် တရုတ်သတင်းဌာနများ၊ မြန်မာ - တရုတ်နှစ်နိုင်ငံမှ သတင်းမီဒီယာများ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ “ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့စစ်မြေပြင်သို့ တရုတ်ခရီးရှည် ချီတက်တပ်ဝင်ရောက်တိုက်ခိုက်ရေး၏ အနက်အဓိပ္ပာယ်” Video Clip ကို ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စမာကျားက ယခုမီဒီယာတွေ့ဆုံပွဲသည် ငြိမ်းချမ်းရေးကို မြတ်နိုးသည့်နိုင်ငံများ၊ ပြည်သူများနှင့်အတူ သမိုင်းကြောင်းကို မမေ့မလျော့ဘဲ အနာဂတ်ကောင်းတစ်ခု အတူတူဖန်တီးနိုင်ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ကမ္ဘာ့နိုင်ငံအသီးသီးနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် ပဋိပက္ခများနှင့် စစ်ပွဲများရှောင်ရှားလျက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ (၅)ချက်နှင့်အညီ ငြိမ်းချမ်းရေးကိုတန်ဖိုးထား ဦးတည်ဆောင်ရွက်ရင်း အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများအကြား စာနာထောက်ထားမှု၊ ရိုင်းပင်းကူညီမှု၊ အေးချမ်း သာယာမှုများနှင့်အတူ အနာဂတ်ကာလတွင် အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်နေထိုင်သွားကြပါစို့ဟု ပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံမှ သတင်းမီဒီယာများက နှစ်နိုင်ငံဒေသအတွင်း အနာဂတ်ငြိမ်းချမ်းရေးအသိုက်အဝန်း အတူတကွ ဖော်ဆောင်နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။
သတင်းစဉ်