တောင်ကြီး ဩဂုတ် ၂၆
ကယားပြည်နယ် လွိုင်ကော်တပ်နယ်ရှိ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အနုပညာရှင်များ၏ ဂုဏ်ပြုဖျော်ဖြေတင်ဆက်မှုကို ယနေ့နံနက်ပိုင်းကပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်တို့ တက်ရောက်ကြည့်ရှုအားပေးပြီး တပ်ဖွဲ့ဝင်များအား ဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုဖျော်ဖြေတင်ဆက်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ယခုခရီးစဉ်၌ လိုက်ပါလာကြသော အနုပညာရှင်များအနေဖြင့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ အပန်းပြေစေရန်အတွက် ဖျော်ဖြေတင်ဆက်မှုများ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ လွိုင်ကော်တပ်နယ်မှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအားလုံးကို တွေ့ဆုံနှုတ်ဆက်ပြီး စိတ်အပန်းပြေစေရန်နှင့် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးနိုင်ရန် ဖျော်ဖြေတင်ဆက်ပေးလိုသော်လည်း လာရောက်နိုင်သောတပ်ဖွဲ့ဝင်များကိုသာ ပြန်လည် မထွက်ခွာမီ ဂုဏ်ပြုဖျော်ဖြေတင် ဆက်နိုင်ခြင်းဖြစ်ပါကြောင်း။
တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေတည်ငြိမ် အေးချမ်းမှုရှိလာအောင် စွန့်လွှတ်စွန့်စားစွာဖြင့် ကြိုးပမ်းဆောင်ရွက်နိုင်မှုနှင့်အတူ ကယားပြည်နယ် အစိုးရ၏ စီမံမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံဆောက်လုပ်နိုင်မှုတို့ကြောင့် လွိုင်ကော်မြို့သည် အချိန်တိုအတွင်း တိုးတက်ပြီးစီးကာ သန့်ရှင်းသာယာလှပမှုများကို မြင်တွေ့ရပါကြောင်း၊ ဆက်လက်ပြီးလည်း ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများဖြင့် ပိုမိုတိုးတက်အောင်မြင်မှုများရရှိနိုင်ရန် ဆန္ဒပြုပါကြောင်းပြောကြားပြီး တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအတွက် ဆုငွေများပေးအပ်ချီးမြှင့်သည်။
ထို့နောက် ပြည်သူချစ်သော အနုပညာရှင်များဖြစ်ကြသည့် အကယ်ဒမီရန်အောင်၊ အကယ်ဒမီမေသန်းနု၊ အကယ်ဒမီစိုးမြတ်သူဇာ၊ ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ ယဉ်လတ်၊ သဉ္ဇာမြင့်မိုရ်၊ နေခြည်ငြိမ်းချမ်းနှင့် အနုပညာရှင်များကစုပေါင်း၍ တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ တပ်ဖွဲ့ဝင်များက ပျော်ရွှင်စွာအတူတကွ လိုက်ပါသီဆိုကခုန် အားပေးကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အနုပညာရှင်များနှင့်အတူ လွိုင်ကော်မြို့မှ မော်တော်ယာဉ်များဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ရောက်ရှိကြသည်။
ထို့နောက် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ရာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်နယ်မှမိသားစုများ၊ တောင်ကြီးမြို့ရှိ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ရှစ်ဖွဲ့မှ တိုင်းရင်းသား၊ တိုင်းရင်းသူများ၊ ဒေသခံပြည်သူများ၊ ဆေးတက္ကသိုလ်(တောင်ကြီး)၊ တောင်ကြီးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
ဖျော်ဖြေပွဲတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ရှမ်းအကနှင့် ပအိုဝ်းအကတို့ဖြင့် စုပေါင်းဖျော်ဖြေပြီး အနုပညာရှင် အကယ်ဒမီရန်အောင်၊ မေသန်းနု၊ စိုးမြတ်သူဇာ၊ ဆုထက်လှိုင်၊ ဂျူဝဲလ်၊ သဉ္ဇာမြင့်မိုရ်၊ ယဉ်လတ်၊ ဒိန်းဒေါင်၊ အုန်းသီး၊ ငြိမ်းချမ်း၊ နေခြည်ငြိမ်းချမ်းနှင့် အနုပညာရှင်များက အငြိမ့်ကပြမှုအပါအဝင် တေးသံသာများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသော အနုပညာရှင်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အစိုးရအဖွဲ့အတွက် MRTV DTH စလောင်း အစုံ ၃၀ နှင့် T-2 အစုံ ၅၀ ကိုလည်းကောင်း၊ ရှမ်းတောင် ပရဟိတ ညီနောင်များအဖွဲ့အတွက် MRTV DTH စလောင်းအစုံ ၅၀ နှင့် T-2 ၅၀ ကို လည်းကောင်း၊ Forever Group ကုမ္ပဏီမှ စီမံကိန်း ဒါရိုက်တာ ဦးသိန်းထွန်းအောင်က ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းတောင်ပရဟိတ ညီနောင်များအဖွဲ့အတွက် Canal+ DTH စလောင်းအစုံ ၅၀ စီဖြင့် စုစုပေါင်း ၁၀၀ ကိုလည်းကောင်းပေးအပ်လှူဒါန်းကြသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက MRTV DTH စလောင်း ၁၀ စုံနှင့် T-2 Set top Box အစုံ ၂၀ တို့အား တက်ရောက်လာ သူများအတွက် ကံစမ်းမဲဖောက်ပေးပြီး မဲပေါက်သူများကို တစ်ဆက်တည်း လွှဲပြောင်းပေးအပ်ကြသည်။
ထို့နောက် အနုပညာရှင်များနှင့် တက်ရောက်လာကြသူများစုပေါင်း၍ တေးသီချင်းများသီဆိုကခုန်ကာ ပျော်ရွှင်စွာဖြင့် ဖျော်ဖြေပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်