Skip to main content

ဆီထွက်သီးနှံရည်မှန်းချက်ပြည့်မီရေးကြိုးပမ်း လူမှုစီးပွားတိုးတက်မြင့်မားရေးမြှင့်တင်

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ပန်းတိုင်အထွက်တိုးရေးနှင့် သီးထပ်များစိုက်ပျိုးနိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် လက်ရှိမိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိအောင် ကြိုးပမ်းရန်နှင့် နွေစပါးကို ရေရရှိမှုအပေါ်မူတည်ပြီး တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ လယ်မြေအဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ခြင်းမရှိသည့် တောင်ကုန်းနေရာများတွင် နှစ်ရှည်သစ်ပင်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရန်လိုအပ်ကြောင်းတို့ကို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားထားသည်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စက်မှုကဏ္ဍ (Agro-based Industry) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေးဟူသောအချက်ကို ချမှတ်ထားသည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အဓိကဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားခြင်းသည် နိုင်ငံတော်၏စီးပွားရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ဖြစ်သည်။ ထို့ကြောင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ရည်မှန်းချက်ဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှသည် ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးသည် အရေးကြီးသည့်အတွက် ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်းနှင့် နေကြာများကို အထူးဇုန်များသတ်မှတ်၍ စိုက်ပျိုးလျက်ရှိသော်လည်း ရည်မှန်းချက်အထွက်နှုန်း မပြည့်မီသည်ကိုတွေ့ရသည်။ နေကြာတိုးချဲ့စိုက်ပျိုးရေးကို ၂၀၂၂ ခုနှစ်မှစတင်၍ လမ်းညွှန်မှာကြားထားသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် ရလဒ်ကောင်းများမထွက်သေးသဖြင့် နိုင်ငံတော်က မကြာခဏတွန်းအားပေးလျက်ရှိသည်။ နေကြာတိုးချဲ့စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းမြင့်မားခြင်း၊ စိုက်ပျိုးချိန်ကာလတိုတောင်းခြင်း၊ စိုက်ပျိုးရလွယ်ခြင်းတို့ကြောင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နေကြာသီးနှံသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည်။ နေကြာဆီ ဖူလုံပိုလျှံထွက်ရှိခြင်းဖြင့် နိုင်ငံ၏စားသုံးဆီလိုအပ်ချက်ကို လျော့နည်းစေပြီး ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်သောကြောင့် နိုင်ငံခြားငွေ သုံးစွဲမှုသက်သာစေသဖြင့် နေကြာတိုးချဲ့စိုက်ပျိုးရေးကို ဦးစားပေးဆောင်ရွက်ကြရမည်။ နိုင်ငံ၏ ခန့်မှန်းလူဦးရေ ၅၁ ဒသမ ၃ သန်းအတွက် လူတစ်ဦး တစ်နှစ်ခြောက်ပိဿာနှုန်းဖြင့် တွက်ချက်ပါက တစ်နှစ်လျှင် ဆီတန်ချိန် ငါးသိန်းလိုအပ်မည်ဖြစ်သည်။ လက်ရှိတွင် နှစ်စဉ် ပြည်ပမှ စားအုန်းဆီ အမေရိကန်ဒေါ်လာသန်း ၅၀၀ ဖိုးခန့် တင်သွင်းနေရသည့်အတွက် ပြည်ပမှတင်သွင်းမှုကို လျှော့ချနိုင်ရန် မြေပဲ၊ နှမ်း၊ နေကြာ၊ မုန်ညင်း၊ ပန်းနှမ်း အထွက်တိုးအောင် စနစ်တကျ ဆောင်ရွက်ကြရမည်ဖြစ်သည်။

စားသုံးဆီအတွက် နေကြာသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လိုအပ်သည်။ အကြောင်းမှာ နေကြာဆီသည် အရည်အသွေးကောင်းပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသော စားသုံးဆီဖြစ်သည်။ ဈေးကွက်ဝင်သီးနှံဖြစ်သဖြင့် စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက တောင်သူများ ဝင်ငွေတိုးတက်စေပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာမည်။ စပါးနှင့် ပဲကိုသာ အထူးပြုစိုက်ပျိုးသောသီးနှံပုံစံမှ နေကြာကို အထူးသီးနှံတစ်မျိုးအဖြစ် ကျယ်ပြန့်စွာစိုက်ပျိုးနိုင်ခြင်းဖြင့် တောင်သူများ၏ စိုက်ခင်းတွင် သီးနှံစုံလင်အောင် စိုက်ပျိုးနိုင်မည်ဖြစ်သည်။ နေကြာကို သီးလှည့်စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာအာဟာရကိုလည်း ထိန်းသိမ်းပေးနိုင်သည်။ နေကြာစိုက်ခင်းများတွင် ပျားမွေးမြူရေး တွဲဖက်ဆောင်ရွက်နိုင်သဖြင့် စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည်။

လက်ရှိတွင် ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်သော်လည်း ရည်မှန်းချက်မပြည့်မီနိုင်သည့်အချက်များကို ရှာဖွေစူးစမ်းလေ့လာကာ ဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်တွင်းစားသုံးဆီဖူလုံရေးဆောင်ရွက်ရာတွင် မြေပဲဆီသည် ထုတ်လုပ်မှုစရိတ်များသည့်အတွက် စားသုံးသူများ လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်စေရန် ပြည်တွင်းဆီစက်များ ဆက်လက်ရှင်သန်နိုင်ရေး၊ ဆီထွက်သီးနှံ ကုန်ကြမ်းဈေးနှုန်းများ ကျဆင်းလာစေရေးအတွက် ဆီထွက်သီးနှံမျိုးစုံ တိုးချဲ့စိုက်ပျိုးရေးကို နိုင်ငံတော်၏ မူဝါဒအဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ စိုက်ဧကတိုးတက်ရေးနှင့် သီးထပ်စွမ်းအား တိုးတက်စေရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆီထွက်သီးနှံများ တိုးတက်မြင့်မားလာရေးအတွက် နိုင်ငံတော်၏ ရည်မှန်းချက်ကို ပြည့်မီအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြခြင်းအားဖြင့် ဒေသလိုက် လူမှုစီးပွားမြင့်မားတိုးတက်ပြီး ပြည်ပမှ နှစ်စဉ် စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ကာ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုလာမည်ဖြစ်ပါကြောင်း။       ။