Skip to main content

နိုင်ငံ့ဂုဏ်ဆောင်ကမ္ဘာကျော်အမွေအနှစ် ဖျက်ဆီးသူများအား ကန့်ကွက်ရှုတ်ချတိုက်ဖျက်

ဩဂုတ်လ ၂၄ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ဖြတ်သန်းဖောက်လုပ်ထားသော ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို ဖောက်ခွဲဖျက်ဆီးလိုက်သည့် သတင်းနှင့် ဓာတ်ပုံများကို မြင်တွေ့ကြရသဖြင့် တိုင်းရင်းသားပြည်သူအားလုံး စိတ်မကောင်းခြင်းများစွာ ဖြစ်ကြရသည့်အပြင် ကမ္ဘာကျော်တံတားကြီးကို ဖျက်ဆီးခဲ့ကြသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချ စက်ဆုပ်ရွံရှာဖြစ်နေကြသည်ဟု သိရသည်။

ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီး ဖျက်ဆီးခံလိုက်ရသည့် အဆိုပါနေ့နံနက်တွင်ပင် လူမှုကွန်ရက်များပေါ်၌ ချက်ချင်းဆိုသလို သတင်းများပျံ့နှံ့ခဲ့ပြီး ပြည်သူများက မခံမရပ်နိုင်ဖြစ်ကြရသလို လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း သောင်းကျန်းသူများ အမြစ်ပြတ်ချေမှုန်းရေးအတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို လိုအပ်သလို ပြင်းပြင်းထန်ထန် ဆက်လက်ဆောင်ရွက်သွားမည်ဟုသိရသည်။ နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်တို့ကို ဆက်သွယ်ပေးထားသည့် ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို TNLA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ကျောက်မဲမြို့ဘက်အခြမ်း တံတားတိုင်အမှတ် (P-16) နှင့် ကမ်းကပ်ခုံ (AB-2)နေရာတို့အကြား ပေ ၆၀ အရှည်ရှိ တံတားသံပေါင်နေရာနှင့် တံတားကမ်းကပ်ခုံ (AB-2) တို့ ပျက်စီးခဲ့ရသည်။

ဂုတ်ထိပ်တံတားကြီးသည် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် ကမ္ဘာကျော်သမိုင်းဝင်တံတားကြီးဖြစ်သည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မြန်မာနိုင်ငံအလယ်ပိုင်း ဆက်သွယ်ထားသည့် မန္တလေး-လားရှိုးရထားလမ်းပေါ်ရှိ တံတားကြီးဖြစ်သည်။ ဂုတ်ထိပ်တံတားကြီး၏ အရှည်မှာ ပေ ၂၂၆၀ ရှိပြီး ပင်လယ်ရေမျက်နှာပြင်မှ အမြင့်ပေ ၁၁၀၀ တွင်ရှိသည်။ နောင်ချိုမြို့နှင့် ခုနစ်မိုင်ခန့်ဝေးပြီး ကျောက်မဲမြို့နှင့် ၁၄ မိုင် ခန့်ဝေးသည်။ တံတားကြီးကို သံနှင့်သံမဏိ တန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်းတစ်သန်းဖြင့် တည်ဆောက်ထားကြောင်း သိရသည်။ ပေ ၁၂၀ ရှည်သည့် အလျားကူးသံပေါင်ကြီး ၁၀ ခု၊ ပေ ၆၀ ရှည်သည့် အလျားကူးသံပေါင်ကြီး ၁၆ ခုတို့နှင့် သံမဏိတိုင်ကြီး ၁၆ တိုင်ပေါ်တွင် တည်ဆောက်ထားသည်။ တံတားကြီးကို ၁၈၉၉ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးကာ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။

ရှေးဟောင်းအရာဝတ္ထုပစ္စည်းဆိုသည်မှာ သမိုင်းတစ်ခေတ်၊ ကာလတစ်ခုကို ညွှန်းဆိုပြသနိုင်သည့် အသုံးပြုမှု၊ အနုပညာ သို့မဟုတ် လက်ရာမြောက်မှု၊ ရှားပါးမှု၊ သမိုင်းဆိုင်ရာ တန်ဖိုးကြီးမှု စသည်တို့ စုံလင်သောအရာတစ်ခုဖြစ်သည်။ ထိုအရာသည် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိပါက ရှေးဟောင်းအရာဝတ္ထုပစ္စည်းဟု သတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ နှင့်အထက် သက်တမ်းရှိသော ရှေးဟောင်းအရာဝတ္ထုပစ္စည်းများ အမြောက်အမြားရှိသည်။ ယင်းတို့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးလည်းပါဝင်ပြီး မြန်မာနိုင်ငံ၏ အမြင့်ဆုံး၊ ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံးမီးရထားသံလမ်းတံတားဟု မှတ်ကျောက်တင်ထားသည်။ တံတားတည်ဆောက်ထားသည့် နည်းပညာအဆင့်မြင့်မှုနှင့် သဘာဝပတ်ဝန်းကျင်အလှတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှားကျော်ကြားခဲ့ပြီး ပြည်တွင်း၊ ပြည်ပခရီးသွားအများအပြား လာရောက်ကြည့်ရှုလေ့လာသည့် တံတားကြီးဖြစ်သည်။

တပ်မတော်အနေဖြင့် TNLA အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို အပြီးတိုင်အောင်မြင်စွာ သိမ်းပိုက်ပြီးနောက် သောင်းကျန်းသူများ ကျောက်မဲမြို့နယ်ဘက်သို့ ကစဉ့်ကလျားဆုတ်ခွာထွက်ပြေးသွားပြီး ဂုတ်ထိပ်တံတားနှင့် ကျောက်မဲမြို့အကြားရှိ နောင်ပိန်ရွာတွင် ယာယီအခြေပြု၍ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာ တပ်မတော်စစ်ကြောင်းများက သက်စွန့််ကြိုးပမ်းဆောင်ရွက်မှုကြောင့် ဩဂုတ်လ ၂၃ ရက်နေ့တွင် နောင်ပိန်ရွာကို အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထိုအချိန်တွင် သောင်းကျန်းသူများအနေဖြင့် ကျေးရွာရှိနေအိမ်များအား ရက်စက်စွာမီးရှို့ဖျက်ဆီးပြီး ဩဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ အထင်ကရအမှတ်အသားနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားကြီးကို ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပြည်သူများ၏ ဂုဏ်ဆောင် မြတ်နိုးတန်ဖိုးထားသည့် သမိုင်းဝင်၊ ကမ္ဘာကျော်ဂုတ်ထိပ်တံတားကြီးကို အကြမ်းဖက်သောင်းကျန်းသူများက အသိဉာဏ်ဆင်ခြင်တုံတရားနည်းပါးစွာဖြင့် အကြံပက်စက်စွာ ဖျက်ဆီးလိုက်ခြင်းသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူပြည်သားများကို ဖျက်ဆီးလိုက်ခြင်းပင်ဖြစ်ရာ အဆိုပါလုပ်ရပ်အား တိုင်းရင်းသားပြည်သူများအားလုံးက လက်မခံကန့်ကွက်ရှုတ်ချကြပြီး အကြမ်းဖက်သောင်းကျန်းသူများကို အမြစ်ပြတ်သည်အထိ ချေမှုန်းကြရမည်ဖြစ်ပါကြောင်း။ ။