မြန်မာနိုင်ငံတွင် လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲအပိုင်း(၁)အဖြစ် ကျင်းပတော့မည်ဖြစ်သည်။ ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်တွင် သိက္ခာရှိသောရွေးကောက်ပွဲ၊ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မသမာမှု ကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် ၂၀၂၀ ရွေးကောက်ပွဲကာလက ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုမျိုးမဖြစ်စေရန်အတွက် အီလက်ထရောနစ်မဲပေးစနစ်ကို နိုင်ငံတော်က ငွေကြေးများစွာအကုန်အကျခံ၍ ဆောင်ရွက်ပေးထားသည်။
မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲပေးရာတွင် မဲပေးမည့်သူသည် လျှို့ဝှက်မဲပေးသည့်စနစ်ဖြင့်သာ မဲပေးရမည်ဖြစ်သည်။ အီလက်ထရောနစ်မဲပေးစက်ကို အသုံးပြုခြင်းအားဖြင့် နားလည်ရလွယ်ကူပြီး မဲပေးရာတွင်မြန်ဆန်ခြင်း၊ ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရုံပိတ်သိမ်းချိန်တွင် ယခင်ကကဲ့သို့ မဲလက်မှတ်များကို ထုတ်ယူရေတွက်မှုမျိုးမပြုလုပ်ရဘဲ မဲပေးသူအရေအတွက်နှင့် ပါတီအလိုက် မဲရလဒ်အရေအတွက်ပါသည့် မဲရလဒ်အဖြေစာရွက်ကို မဲပေးစက်ပရင်တာဖြင့် ထုတ်ပေးခြင်း၊ စက္ကန့်ပိုင်းအတွင်း အဖြေထွက်ရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက် နိုင်ခြင်းနှင့် တိကျသောမဲရလဒ်များရရှိခြင်းဟူသည့် အားသာချက်များရှိသည်။
ထို့အပြင် ပါတီအလိုက် မဲရလဒ်များကို အချိန်နာရီ အတိအကျဖြင့် အဖြေရရှိခြင်း၊ မဲပေးစက်၊ မဲပုံး၊ ထိန်းချုပ်စက်များတွင်ပါရှိသည့် စက်နံပါတ်များ အတိအကျဖြင့် မဲရလဒ်စာရွက်များထွက်ရှိခြင်း၊ မဲလက်မှတ်များကို ဖွင့်ဖောက်စရာမလိုခြင်း၊ မဲလက်မှတ်များကို မဲရလဒ်အပေါ် ကန့်ကွက်လွှာတင်ခြင်းမရှိသည့် အချိန်မှသာ ဖွင့်ဖောက်စစ်ဆေးခြင်း၊ အင်တာနက်၊ ဝိုင်ဖိုင်၊ ဘလူးတုစနစ်များ မပါရှိခြင်း၊ မိုဘိုင်းဖုန်း၊ ကွန်ပျူတာကဲ့သို့ နည်းပညာစနစ်များ မပါဝင်ခြင်း၊ မိုက်ခရိုကွန်ထရိုလာစနစ်ဖြစ်သည့်အတွက် ရိုးရှင်းပြီး လုံခြုံစိတ်ချရသောစနစ်ဖြစ်ခြင်း၊ မဲရုံအတွင်း၌ အများမြင်သာနေရာ၌ တပ်ဆင်ထားခြင်း၊ မဲပေးရန် အသုံးပြုထားသောခလုတ်များသည် အကြိမ်ရေသန်းချီ၍ အသုံးပြုနိုင်သော ခလုတ်များဖြစ်ခြင်းတို့ ပါဝင်သည်။
MEVM စနစ်တွင် မဲပေးသူပြည်သူတစ်ဦးအနေဖြင့် မဲပေးစက်တွင် မီးစိမ်းပြမှသာ မိမိနှစ်သက်ရာပါတီနှင့် လူပုဂ္ဂိုလ်ကိုမဲပေးနိုင်ခြင်း၊ မဲရလဒ်အဖြေစာရွက်ကို မဲပေးသူရှေ့မှောက်တွင် မြင်သိပြီးမှ မဲပေးစက်မှထွက်ခွာနိုင်ခြင်း၊ ထူးထူးခြားခြား ရှုပ်ထွေးမှုမရှိခြင်း၊ ယခင်ရွေးကောက်ပွဲများကဲ့သို့ မဲဆန္ဒရှင်ပြည်သူတစ်ဦးကပေးသည့်ပါတီနှင့် လူပုဂ္ဂိုလ်မှားယွင်းမှုမဖြစ်နိုင်ခြင်း၊ မဲပေးစက်ကို မြန်မာဘာသာစကားဖြင့် ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် တိုင်းရင်းသားဒေသများ၌ (ဥပမာ မြန်မာ-ရှမ်း) နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခြင်းများလည်းပါဝင်သဖြင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ တိုင်းရင်းသားပြည်သူများအားလုံး အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးထားသည်ကို တွေ့ရသည်။
ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ်ကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်မဲပေးခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ ပြည်သူများလိုလားသည့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို အမှန်တကယ်ထမ်းဆောင်နိုင်မည့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်ပွဲစနစ်ဖြင့် မှန်မှန်ကန်ကန် ရွေးချယ်ခြင်းဖြင့်သာရရှိနိုင်မည်။ ထို့ကြောင့် ရွေးကောက်ပွဲတွင် ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုးကို သယ်ပိုးထမ်းရွက်နိုင်မည့် နိုင်ငံရေးအင်အားသစ်များကို ရွေးချယ်ပေးကြရမည်ဖြစ်သည်။ တိုင်းပြည်အတွက် အကောင်း/အဆိုးရလဒ်များကို ကနဦးအဆုံးအဖြတ်ပေးမည့် အခင်းအကျင်းဖြစ်သဖြင့် မဲပေးခွင့်ရှိသူ နိုင်ငံသားတိုင်း သေချာစဉ်းစားဆုံးဖြတ်ရွေးချယ်ပြီး ပါဝင်မဲပေးကြရန်လိုသည်။ နိုင်ငံသားအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးရမည့်တာဝန်မှာ နိုင်ငံတော်၏ တာဝန်ဖြစ်သလို နိုင်ငံသားများကလည်း မဲပေးခြင်းဖြင့် နိုင်ငံအတွက် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
မျက်မှောက်ကာလ ရွေးကောက်ပွဲဖြစ်စဉ်များတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲ ကာလ၌ မဲပေးခြင်းလုပ်ငန်းစဉ်များအပါအဝင် အရုပ်ဆိုးအကျည်းတန်စရာ အခြေအနေများစွာနှင့်ကြုံတွေ့ခဲ့သည်။ မရိုးသားမှုများ၊ စနစ်မကျမှုများ၊ ဘက်လိုက်မှုများ၊ ဥပဒေနှင့်မညီညွတ်မှုများ ပြည်သူများကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံတွင် နိုင်ငံသားအမျိုးမျိုး၊ လူမျိုးအစုံစုံ၊ ယုံကြည်ချက်အသီးသီးရှိကြသော်လည်း အင်အားများသည့်အစုအဖွဲ့၏ အဓမ္မအနိုင်ယူလိုမှုကြောင့် စိတ်မချမ်းမြေ့ဖွယ်ရာအခြေအနေများနှင့် တိုင်းပြည်အတွက် နစ်နာဆုံးရှုံးမှုများ ဖြစ်ခဲ့ရသည်ကို သင်ခန်းစာယူပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူတို့၏ဆန္ဒအမှန်ကို တိကျမှန်ကန်သည့် အီလက်ထရောနစ်မဲပေးစနစ်ဖြင့် မဲပေးနိုင်အောင် တစ်နိုင်ငံလုံး လွှမ်းခြုံဆောင်ရွက်ထားပါကြောင်း။ ။