Skip to main content

မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ အသက်သွေးကြော

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ပမာဏကြီးမားများပြားလှစွာသော မူးယစ်ဆေးဝါးများနှင့်အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ယခုလအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ အကယ်၍သာ အဆိုပါမူးယစ်ဆေးဝါးများကို ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားမည်ဆိုပါက ပင်လယ်ရေကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတချို့နှင့် နိုင်ငံတကာမူးယစ်မှောင်ခိုဈေးကွက်များသို့ ပျံ့နှံ့ရောက်ရှိသွားကြမည်ဖြစ်သည်။

ကုန်သေတ္တာကြီးတစ်လုံးစာမက များပြားလှစွာသော မူးယစ်ဆေးဝါးများနှင့်အတူ မော်တော်ယာဉ်များ၊ စက်လှေများအပါအဝင် ဖမ်းဆီးရမိသူ ၁၃ ဦး၊ ဖမ်းဆီးရန်ကျန် ကိုးဦးတို့ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့မှာ မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ရခိုင်ပြည်နယ်နှင့် မလေးရှားရေပိုင်နက်တို့သို့ ကုန်းလမ်းနှင့်ပင်လယ်ရေကြောင်းတို့မှတစ်ဆင့် သယ်ဆောင်ရောင်းဝယ်မှု အကြိမ်ကြိမ်ပြုလုပ်နေကြသူများဖြစ်သည်ဟုလည်း တွေ့ရသည်။ အဆိုပါ ဖမ်းဆီးရမိမှုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၁၈ သိန်း၊ အိုက်စ် (မက်သ်အဖက်တမင်း) ၅၆၁၄ ဒသမ ၂ ကီလို၊ ကက်တမင်း ၁၈၉၉ ကီလိုတို့ပါဝင်ပြီး တန်ဖိုးအားဖြင့် ငွေကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလီယံဖိုးရှိပြီး ပြည်ပဈေးကွက်တွင်သည့်ထက် များစွာတန်ဖိုးမြင့်တက်သွားဦးမည်ဖြစ်သည်။

ယခုနှစ်မေလအတွင်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး(UNODC)မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာ- ထိုင်း-လာအို နိုင်ငံတို့သုံးနိုင်ငံ နယ်နိမိတ်ထိစပ်ရာ ရွှေတြိဂံဒေသမှ ဓာတုပစ္စည်းများကို အခြေခံ၍ထုတ်လုပ်သည့် မူးယစ်ဆေးဝါးများ ထုတ်လုပ်မှုနှင့်ရောင်းဝယ်မှုတို့ အဆမတန်ကြီးထွားလာနေကြောင်းနှင့် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်းတိုးမြင့်လာသည်ဟု သိရသည်။ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် မူးယစ်ဆေးဝါးဖမ်းဆီးရမှုများ မြင့်တက်လာသကဲ့သို့ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းဝယ်မှုများမှာလည်း မကြုံစဖူးများပြားနေသည်ဟု သိရသည်။ ဤသည်မှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းမှုများနှင့်ဆက်စပ်နေပြီး ၎င်းတို့၏ငွေကြေးလိုအပ်ချက်ကို မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ကိုင်ရာမှရရှိသော အဆမတန်များပြားလှသည့် အမြတ်ငွေများနှင့် ဖြည့်ဆည်းကြခြင်းဖြစ်သည်။

ရွှေပြည်သာမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့တွင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအနက် လမ်းကြောင်းတစ်ကြောင်းမှာ ရန်ကုန်မြို့တွင် ခေတ္တသိုလှောင်ပြီး ရခိုင်ပြည်နယ်မှတစ်ဆင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သယ်ဆောင်ရာတွင် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သို့ ရခိုင်ပြည်နယ်ကို ဖြတ်သန်းခအဖြစ် စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀လျှင် ငွေကျပ် သုံးသိန်းနှုန်းအခွန်ပေးဆောင်ရသည်ဟု သိရသည်။ ဤသည်မှာ AA အဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်မှုများရှိသကဲ့သို့ ဒေသတွင်း မူးယစ်ဆေးဝါးဖြတ်သန်း သယ်ဆောင်မှုများတွင်လည်း ငွေကြေးကောက်ခံခွင့်ပြုပေးခြင်းအားဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းတွင် တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပတ်သက်နေသည့် သက်သေတစ်ခု ထပ်မံထွက်ပေါ်လာခြင်းဖြစ်သည်။ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ သက်ဆိုးမရှည်စေရေးတွင် တရားမဝင်ကုန်သွယ်မှုနှင့် မူးယစ်ဆေးဝါးထုတ် လုပ်သယ်ဆောင်ရောင်းဝယ်မှုများသည် ၎င်းတို့အတွက် ပမာဏကြီးမားလှသော ဝင်ငွေလမ်းကြောင်းများဖြစ်သည့်အလျောက် အမြစ်ပြတ်ရှင်းလင်းနိုင်ရန် လိုအပ်သည်။

“နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများအနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး အဖျက်အမှောင့်လုပ်ရပ်များကို လုပ်ဆောင်လာနိုင်မည်ဖြစ်သကဲ့သို့ ထိုးနှက်မှုများကိုလည်း လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစားမှု စသည်တို့ဖြင့် တစ်ဖက်လှည့်ထိုးနှက်မှုများ လုပ်ဆောင်လာနိုင်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့်အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို မိမိတို့အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိသကဲ့သို့ ယခုထက် ပိုမို၍ ထိထိရောက်ရောက် တိုက်ဖျက်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း” ဩဂုတ် ၁၂ ရက်က ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

သို့ဖြစ်ရာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လူသားတစ်ရပ်လုံးအတွက် အန္တရာယ်ဖြစ်သော မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတို့တွင် ပြည်သူတစ်ရပ်လုံးက နိုးကြားတက်ကြွစွာ ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။