Skip to main content

ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ရွေးကောက်ပွဲအောင်မြင်ရေး ကြိုးပမ်း

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့်အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် လိုအပ်သည့်လမ်းညွှန်မှုများ ပြုလုပ်နိုင်ရန်နှင့် ထိရောက်စွာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည်။ နိုင်ငံတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်သက်ဆိုင်သည်များကို အဆက်မပြတ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။

နိုင်ငံတော်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဖြစ်မနေဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးမည်ဖြစ်သည်။ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှန်ကန်မှုရှိစေရေး ကြိုတင်ပြင်ဆင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အတိုင်းအတာတစ်ခုအထိ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းဆောင်ရွက်ခဲ့သကဲ့သို့ မဲဆန္ဒနယ်အလိုက် အချက်အလက်များကောက်ယူခြင်းနှင့် နယ်မြေအလိုက် လုံခြုံရေးဆိုင်ရာအချက်အလက်များ ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

မဲပေးခွင့်ရှိသူ ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသလို သဘာဝဘေးအန္တရာယ်ကြောင့် ရွှေ့ပြောင်းနေထိုင်ရသည့် မဲဆန္ဒရှင်များကိုလည်း ကြိုတင်မဲများဖြင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ဘေးအန္တရာယ်ကင်းရှင်းသည့်နေရာတွင် ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများအားလုံး မဲပေးခွင့်များ မဆုံးရှုံးအောင် ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ပါတီရုံးခန်းများ၊ ဖွင့်လှစ်ခွင့်ရရှိရေး၊ ပါတီဝင်ခွင့်ရှိသူများ ပါတီဝင်ခွင့်ရရှိရေး ဆောင်ရွက်နေကြပြီဖြစ်သည်။ ပါတီ နှစ်ပါတီ၊ သုံးပါတီထပ်၍ ပါတီများ ဖောင်းပွမှုမရှိစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စိစစ်ကြပ်မတ်လျက်ရှိသည်။

လွှတ်တော်ကိုယ်စားလှယ်လောင်းများ အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍ စနစ်တကျ စိစစ်ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ချိန်တွင် ၎င်းတို့၏ လုံခြုံရေးအတွက် နိုင်ငံတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ သတ်မှတ်ထားသောအချိန်ကာလအတွင်း သက်ဆိုင်ရာမြို့နယ်များအလိုက် ဆန္ဒမဲပေးနိုင်ရေး လုံခြုံရေးအရ အာမခံချက်ရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲဖြစ်မြောက် အောင်မြင်မှုမရှိစေရန် ပြည်တွင်း/ ပြည်ပမှ အဖျက်အမှောင့်အနှောင့်အယှက် လုပ်ဆောင်မှုများပြုလုပ်မှုများရှိရာ ရွေးကောက်ပွဲလုံခြုံရေးနှင့် ပြည်သူလူထု စိုးရိမ်ပူပန်တွေဝေ ဝေဝါးမှုမရှိစေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

မဲမသမာမှုများ၊ မမှန်ကန်မှုများမရှိစေရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို ငွေကြေးအကုန်အကျခံဆောင်ရွက်ပေးထားပြီး ယခုအခါ မြို့နယ်များအလိုက် ပြည်သူများအား နမူနာပြသစမ်းသပ်မဲပေးနေကြပြီဖြစ်သည်။ ရွေးကောက်ပွဲကာလတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား အကြောက်တရားကြီးမားလာအောင် အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်မှုများရှိလာနိုင်သဖြင့် နိုင်ငံတော်က လုံခြုံရေးအပိုင်းကို အထူးဂရုစိုက်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲများနှင့်ပတ်သက်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးမှုများ ပြုလုပ်လာသူများကို ဝိုင်းဝန်းပူးပေါင်းဖော်ထုတ်ကြရမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍအနေဖြင့် အမြန်ဆုံး တရားစီရင်နိုင်ရေးနှင့် သာမန်အမှုမျိုးမဟုတ်ဘဲ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများ၏ လုံခြုံရေးကိုထိခိုက်စေမည့်ကျူးလွန်မှုများကို ထိရောက်သည့် တရားစီရင်မှုများဖြင့် အမြန်ဆုံးတရားစီရင်နိုင်ရန် စီစဉ်ထားသည်။

ယခုအခါ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့်နေ့ရက်ကို အသိပေးထုတ်ပြန်ထားပြီး အပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ်များကိုလည်း အသိပေးထုတ်ပြန်ထားပြီးဖြစ်သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်းနှင့် ပါတီများလှုပ်ရှားဆောင်ရွက်မှုများ ပြုလုပ်နေကြသည်ကို တွေ့မြင်နေရပြီဖြစ်သည်။ သို့ဖြစ်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး လုံခြုံစိတ်ချသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။