ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ခွင့်ရပြီး ပညာသင်ကြားနိုင်ရေးကို အရေးကြီးသည့်ကိစ္စတစ်ရပ်အဖြစ် နိုင်ငံတော်က ဆောင်ရွက်နေသည်။ ကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများအားလုံး ပညာရေးဆုံးခန်းတိုင်သည်အထိ ပညာသင်ကြားနိုင်ရေး၊ တန်းစဉ်ကူးပြောင်းမှုများ တိုးတက်စေရေးနှင့် အသက်မွေးဝမ်းကျောင်းပညာနှင့် အဆင့်မြင့်ပညာများကို သင်ယူပြီးမြောက်စေရေး အလေးထားဆောင်ရွက်ကြရန်လည်း တာဝန်ရှိသူများကို တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။
မျက်မှောက်ခေတ်တွင် လူတစ်ဦးအနေဖြင့် ဘဝတွင် ရှင်သန်ရပ်တည်နိုင်ရန် အခြေခံပညာအလယ်တန်းအဆင့်အထိ အနည်းဆုံးသင်ယူပြီးမြောက်မှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ ထို့အပြင် အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်ရန်မှာလည်း အခြေခံပညာအလယ်တန်းပြီးမြောက်မှသာ ဆက်လက်သင်ယူနိုင်မည်ဖြစ်သည်။ အဆင့်မြင့်ပညာအထိ ဆက်လက်သင်ယူနိုင်ရန် အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူများ အခြေခံပညာအလယ်တန်းပြီးမြောက်ပါက အသက်မွေးဝမ်းကျောင်းပညာများ ဆက်လက်သင်ယူနိုင်ရန် ခရိုင်အသီးသီးတို့တွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်း စုစုပေါင်း ၈၅ ကျောင်းကို ဖွင့်လှစ်ပေးထားသည်။
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးခရီးစဉ်အတွင်း မင်းဘူးမြို့၌ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးရာတွင် ပညာရေးနှင့်စပ်လျဉ်း၍ ပြောကြားရာ၌ မင်းဘူးဒေသတွင် တန်းစဉ်ကူးပြောင်းမှု လျော့နည်းလျက်ရှိသည်ကိုတွေ့ရကြောင်း၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကျောင်းများတွင် တက်ရောက်ကြသူများ နည်းပါးသည်ကို တွေ့ရကြောင်းနှင့် အချို့တက္ကသိုလ်နှင့် ကောလိပ်များ၌ ကျောင်းတက်ရောက်သူများ နည်းပါးလျက်ရှိသည်ကို တွေ့ရကြောင်းဟူသည့်အချက်များ ပါရှိနေသည်ကို တွေ့ရသည်။ နိုင်ငံတော်အနေဖြင့် အမျိုးသား ပညာရေး မြင့်မားလာအောင် အလေးထား ဆောင်ရွက်လျက်ရှိပြီး ပညာသင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်စေရန် ဖော်ဆောင်ပေးလျက်ရှိသော်လည်း ပြည်သူများဘက်က ပညာရေးအပေါ် အလေးအနက်ထားရှိမှု၊ ပညာကို ဆုံးခန်းတိုင်သည်အထိ မဖြစ်မနေဆက်လက်တက်ရောက်ရန် စိတ်အားထက်သန်မှုတို့ လျော့နည်းနေခြင်းကြောင့် အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးသည့်ကျောင်းများတွင်ရော အဆင့်မြင့်ပညာ သင်ကြားပေးသည့် ကျောင်းများ၌ပါ ကျောင်းတက်ရောက်မှု နည်းပါးနေခြင်းဖြစ်သည်ဟု ကောက်ချက်ချရမည်ဖြစ်သည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအစီရင်ခံစာအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေ ၄၆ ဒသမ ၄၆၃ သန်းရှိရာတွင် နိုင်ငံတစ်ဝန်းလုံး၌ ကျောင်းလုံးဝမနေဖူးသူ အမျိုးသား ၁၀၀ လျှင် ၆ ဒသမ ၅ ဦးရှိပြီး အမျိုးသမီး ၁၀၀ လျှင် ၉ ဒသမ ၄ ဦး ရှိနေသည်။ အသက် ၂၅ နှစ်နှင့်အထက် လူဦးရေ၏ အမြင့်ဆုံးအောင်မြင်ပြီးစီးခဲ့သည့် အတန်းပညာအနေဖြင့် အမျိုးသား ၄၂ ဒသမ ၃ ရာခိုင်နှုန်းသည် မူလတန်းအဆင့်၊ ၂၅ ဒသမ ၂ ရာခိုင်နှုန်းသည် အလယ်တန်းအဆင့်၊ ၁၅ ဒသမ ၂ ရာခိုင်နှုန်းသည် အထက်တန်းအဆင့်ရှိပြီး အမျိုးသား ၉ ဒသမ ၇ ရာခိုင်နှုန်းသာ ဘွဲ့ရရှိသည်ကို တွေ့ရသည်။ အမျိုးသမီးများတွင်လည်း ၅၁ ရာခိုင်နှုန်းသည် မူလတန်းအဆင့်၊ ၁၈ ဒသမ ၈ ရာခိုင်နှုန်းသည် အလယ်တန်းအဆင့်၊ ၁၁ ဒသမ ၇ ရာခိုင်နှုန်းသည် အထက်တန်းအဆင့်ရှိပြီး အမျိုးသမီး ၁၂ ဒသမ ၉ ရာခိုင်နှုန်း သာ ဘွဲ့ရရှိကြသည်။
နိုင်ငံတော်တွင် ပညာရေးကဏ္ဍနိမ့်ကျနေမှုကို မြှင့်တင်ရန်အတွက် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရေး၊ ကျောင်း နေသည့်ကလေးတိုင်း အနည်းဆုံး အခြေခံပညာအဆင့်တွင် KG +9 ပြီးမြောက်ရေးအတွက် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိသည်။ ကျောင်းသား ကျောင်းသူများ အချိန်မတိုင်မီ ကျောင်းမထွက်ကြရေး၊ တန်းစဉ်မှန်မှန်ကူးပြောင်းရေး၊ အသက်မွေးဝမ်းကျောင်းနှင့် အဆင့်မြင့်ပညာများ သင်ယူပြီးမြောက်ရေးအတွက် မိဘအုပ်ထိန်းသူများ၊ ဆရာ ဆရာမများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများအားလုံးက အလေးအနက် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။