ရန်ကုန် ဩဂုတ် ၂၁
မော်တော်ယာဉ် စက်ပြင်သင်တန်းအမှတ်စဉ်(၃/၂၀၂၅)နှင့် စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းအမှတ်စဉ် (၃/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများတက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားများ စဉ်ဆက်မပြတ်ပေါ်ထွန်းလာစေရေး၊ အရည်အချင်းပြည့်ဝသည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း ခုနစ်ကျောင်းကို တည်ထောင် ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် လုပ်သားများအတွက် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ သင်တန်းသား များအနေဖြင့် သင်ကြားပို့ချပေးသည့် စာတွေ့အသိပညာဗဟုသုတများနှင့် လက်တွေ့ကျွမ်းကျင်မှုများကို စနစ်တကျလေ့လာမှတ်သားကြရန်၊ လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချကြရန်၊ စဉ်ဆက်မပြတ် လေ့လာဆည်းပူးဆောင်ရွက်ကြရန်မှာကြားပြီး သင်တန်းကျောင်းအတွင်း ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမားဆေးရုံကြီး(ရန်ကုန်) အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ ယုံကြည်အားထားရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများပေးအပ်နိုင်ရန်မှာကြားပြီး ပြင်ပလူနာများအား ဆေးဝါးကုသပေးနေမှုကို ကြည့်ရှုအားပေးစကားပြောကြားကာ အတွင်းလူနာကုသပေးသည့် ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများအား ထောက်ပံ့ငွေများပေးအပ်သည်။
ကြည့်ရှုစစ်ဆေး
မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(မြောက်ဒဂုံ)၌ ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (OWIC) ထုတ်ပေးနေမှု၊ အထည်ချုပ်သင်တန်းဖွင့်လှစ်ပို့ချနေမှုနှင့် လျှပ်စစ်ကျွမ်းကျင်မှုအဆင့်(၁) အလုပ်အကိုင်အတွက် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်င်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (CVT) သင်တန်းကျောင်းသို့သွားရောက်၍ သင်တန်းများကို စဉ်ဆက်မပြတ်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး၊ သင်တန်းအရည်အသွေး တိုးတက်မြင့်မားရေးအတွက် သင်တန်းနည်းပြများ ခေတ်နှင့်လျော်ညီသော အတတ်ပညာများ သင်ကြားပို့ချနိုင်ရေးမှာကြားသည်။
သတင်းစဉ်