မြန်မာနိုင်ငံသည် ရေမြေသဘာဝမတူကွဲပြားသည့် ပထဝီအနေအထားများနှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသည့် တစ်မူထူးခြားသည့်ဝိသေသ လက္ခဏာများ ပိုင်ဆိုင်ထားသည်။ ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံတော်နှင့်အတူလက်တွဲ၍ တက်ညီလက်ညီ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
နိုင်ငံတော်အစိုးရနှင့် တပ်မတော်သည် ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ပေးရေးအတွက် မျက်ခြည်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ တိုင်းရင်းသားပြည်သူများကလည်း မိမိဒေသကာကွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော်နှင့်အတူ ဒေသအလိုက် ပြည်သူ့စစ်မှုထမ်းများဖြင့် လက်တွဲညီညီဆောင်ရွက်နေကြပြီဖြစ်သည်။ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသအလိုက်ထုတ်ကုန်များကို ရည်မှန်းချက်ပြည့်မီအောင် ကြိုးပမ်းထုတ်လုပ်ကြခြင်းဖြင့် ဒေသစီးပွားရေး၊ နိုင်ငံတော်စီးပွားရေး တိုးတက်မြင့်မားလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးကို ဆောင်ရွက် သောနိုင်ငံတစ်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာအောင်ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ရှေးကာလက စိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်းများ အားနည်းချက်ရှိခဲ့ခြင်းကြောင့် ပို့ကုန်များလျော့နည်းပြီး သယံဇာတပစ္စည်းများ ထုတ်ယူသုံးစွဲမှုပိုများသည်ကို တွေ့ရသည်။ သစ်တောသယံဇာတများ ထုတ်ယူသုံးစွဲမှုပိုများခဲ့ပြီး ပြန်လည်စိုက်ပျိုးထိန်းသိမ်းမှုအားနည်းခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် မြေပေါ်သယံဇာတများဖြစ်သည့် သစ်တောသစ်ပင် များစိုက်ပျိုးခြင်းကို လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိသည်။
အချို့ဒေသများတွင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု၊ ဝါသီးနှံနှင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအထွက်တိုးသော်လည်း အချို့ဒေသများတွင် အထွက်နည်းသည်ကို တွေ့ရသည်။ မြန်မာပြည်အလယ်ပိုင်းသည် ဝါကို အဓိကစိုက်ပျိုးထုတ်လုပ်သည့် ဒေသဖြစ်သော်လည်း ဝါစိုက်ပျိုးထုတ်လုပ်မှု လျော့နည်းလာသည်ကို တွေ့ရသည်။ ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက်ပြီး ဝါကိုအခြေခံသည့် စက်မှု ကုန်ထုတ်လုပ်ငန်းများကို စံပြအဖြစ်ဆောင်ရွက်ရန်လိုသည်။ လူအများနေ့စဉ်ဘဝတွင် စားဝတ်နေရေးသည်အရေးအကြီးဆုံးဖြစ်ရာ ဝတ်ရေးအတွက် နေ့စဉ်လိုအပ်လျက်ရှိသဖြင့် ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ပြီး ချည်ထည်များ တိုးတက်ထုတ်လုပ်နိုင်မည်ဆိုပါက ဒေသဖွံ့ဖြိုးရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်သည်။
များသောအားဖြင့် ဒေသအများစု၌ ဆန်ဖူလုံရေးကို ဆောင်ရွက်နိုင်ကြပြီးဒေသအတွင်းစားရေးကို အထောက်အကူပြုစေရန်အတွက် ဒေသနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ သိုး၊ ဆိတ်၊ နွား စသည့်မွေးမြူရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် နိုင်ငံတော်က သတ်မှတ်ထားသည့် တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း ထွက်ရှိအောင် ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်စေရန်အတွက် လိုအပ်သည့် ကူညီအားပေးဖြည့်ဆည်းပေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်သည့် အသိပညာရှင်၊ အတတ်ပညာရှင် လူသားအရင်းအမြစ်များလိုအပ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုအထက်တန်းကျောင်းများကို ဒေသအလိုက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ဒေသအတွင်းကျောင်းနေအရွယ်ကလေးငယ်များအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ပညာတတ်များပေါများစေရန် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့်နည်းတူ ပြည်သူများကလည်း တက်ကြွစွာပါဝင်လာကြရန်လိုသည်။ အသိပညာရှိမှသာ အတတ်ပညာများရရှိမည်ဖြစ်ပြီး အတန်းပညာရှိမှသာ အတတ်ပညာများ တတ်မြောက်မည်ဖြစ်ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် ပညာရေးကို စဉ်ဆက်မပြတ် အားပေးဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ မိမိတို့နိုင်ငံကို မိမိတို့ကိုယ်တိုင် တည်ဆောက်ကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်အောင်၊ လုံခြုံအေးချမ်းအောင် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဒေသခံပြည်သူများအားလုံး တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြပါမှ ဒေသအားလုံးဖွံ့ဖြိုးတိုးတက်ခြင်းသည် ပြည်ထောင်စုကြီးတစ်ခုလုံး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။