၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပြည်တွင်း၌ မငြိမ်မသက်မှုများ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားခဲ့ခြင်းအပေါ် အကြမ်းဖက်သောင်းကျန်းသူများက အခွင့်ကောင်းယူကာ မြို့ရွာများကိုတိုက်ခိုက်ခြင်း၊ နယ်မြေစိုးမိုးထိန်းချုပ်ခြင်းတို့ ပြုလုပ်လာခဲ့ကြသည်။ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ အချို့သောမြို့ရွာများကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့ကြပြီး ယာယီအားဖြင့် ထိန်းချုပ်နိုင်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှာ အကျိုးစီးပွား၊ ဦးတည်ချက်၊ ရည်မှန်းချက်တို့မတူညီကြဘဲ နိုင်ငံတော်နှင့်တပ်မတော်ကို ဆန့်ကျင်တိုက်ခိုက်ရာ၌ အကျိုးကိုမျှော်ကိုး၍ ယာယီလက်တွဲနေကြခြင်းသာဖြစ်ရာ နောင်တစ်ချိန်တွင် ရှင်းမည်ဟူ၍ တေးမှတ်ထားသော စာရင်းများလည်း ၎င်းတို့ကိုယ်စီတွင် ရှိနေကြသည်။ ဆူပူထကြွသောင်းကျန်းမှုများ၏ အစောပိုင်းကာလတွင် ဝါဒမှိုင်းမိနေသူများနှင့် သူပုန်သူကန်တို့၏ သူလျှိုဒလန်များက အကြမ်းဖက်သောင်းကျန်းသူများကို မြို့များ၊ ရွာများမှကြိုဆိုခဲ့ကြသည်။ မြို့ရွာများအတွင်းရောက်ရှိလာကြသည့် အကြမ်းဖက်သောင်းကျန်းသူများမှာ လူနေအိမ်များ၊ သာသနိကအဆောက်အအုံများ၊ ဆေးရုံများ၊ ကျောင်းများ စသည့်နေရာများတွင် ရည်ရွယ်ချက်ရှိရှိနေရာယူကာ ဒေသခံများကို လူသားတံတိုင်းသဖွယ် အကာအကွယ်ယူနေထိုင်ခဲ့ကြသည်။
အကြမ်းဖက်သောင်းကျန်းသူတို့ နှစ်ပေါက်အောင်နေရာယူ ထိန်းချုပ်ခဲ့သည့် မြို့များမှာ ဖြစ်ပေါ်တိုးတက်မှု ဘာတစ်ခုမှရှိမလာ ဘဲချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်လျက်မြို့ပျက်ရွာပျက်များကဲ့သို့ ဖြစ်ပွားခဲ့သည်၊၊ တပ်မတော်က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရာတွင်လည်း မြို့ရွာများအတွင်းမှ ခံစစ်ဆင်ခဲ့ကြရာ အဆောက်အအုံများ ပျက်စီးမှုကြီးမားခဲ့သည်။ ထို့အပြင် ၎င်းတို့ဆုတ်ခွာထွက်ပြေးသည့်အခါတွင် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများမှ ရနိုင်သမျှပစ္စည်းများ၊ ဌာနဆိုင်ရာများ၊ ဆေးရုံများမှပစ္စည်းများပါမကျန် ခိုးယူသယ်ဆောင်သွားခဲ့ကြသည်။ အကြမ်းဖက်သောင်းကျန်းသူတို့ ထိန်းချုပ်ထားသည့် ကာလတစ်လျှောက် ၎င်းတို့အတွက် အကျိုးအမြတ်ရနိုင်သမျှကို အဓမ္မယူခဲ့ကြရာတွင် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ၍တန်သော ရတနာတွင်းများမှသည် လျှပ်စစ်မီးကြိုးကဲ့သို့သော အသေးအဖွဲပါမကျန် ယူခဲ့ကြသော်လည်း ဒေသခံပြည်သူလူထုအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည်ဖြင့် မည်သည့်ဝန်ဆောင်မှုမှ လုပ်မပေးခဲ့။ အခွန်ဟူ၍ အမည်တပ်ကာ ကွမ်းယာဆိုင်ပင်လျှင် မတန်တဆဆက်ကြေးပေးကြရသည့်အပြင် အဓမ္မစစ်သားစုဆောင်းမှုများနှင့်ပါ တွေ့ကြုံလာရသည့်အခါမှ အကြမ်းဖက်သောင်းကျန်းသူတို့၏ ဇာတိရုပ်အမှန်ကို သိလာကြခြင်းဖြစ်သည်။
ယခုအခါ အကြမ်းဖက်သောင်းကျန်းသူတို့ ယာယီအားဖြင့် ထိန်းချုပ်ထားနိုင်ခဲ့သည့် မြို့များကိုတပ်မတော်က တစ်မြို့ပြီးတစ်မြို့ ပြန်လည်တိုက်ခိုက်ထိန်းချုပ်လျက်ရှိပြီး မိုင်းများရှင်းလင်းရေး၊ နယ်မြေလုံခြုံရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်ဆိုလျှင် ကျောင်းများ တစ်ကျောင်းပြီးတစ်ကျောင်း ပြန်လည်ဖွင့်လှစ်လာနိုင်ပြီး ဒေသခံပြည်သူတို့၏ ရင်သွေးငယ်များ သောင်းဂဏန်းခန့်တို့ ပြန်လည်ပညာသင်ယူနိုင်ကြပြီဖြစ်သည်။ မြို့နယ်ပြည်သူ့ဆေးရုံကို ပြန်လည်ပြင်ဆင်ဖွင့်လှစ်၍ ကျန်းမာရေးစောင့်ရှောက်မှုများလည်း ပြန်လည်ရရှိပြီဖြစ်သလို ဌာနဆိုင်ရာယန္တရားများလည်း ပြန်၍လည်ပတ်လာပြီဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားတို့၏ ထိန်းချုပ်မှုအောက်တွင် မြို့ရွာများရှိ ဒေသခံပြည်သူများမှာ အကြောက်တရားနှင့်နေကြရခြင်း၊ လူ့အခွင့်အရေးများဆုံးရှုံးရခြင်း၊ လက်နက်အာဏာဖြင့် အမိန့်ပေးအုပ်ချုပ်ခြင်း၊ မြို့ရွာများပျက်စီးရခြင်းတို့ကို မလိုလားသော တိုင်းရင်းသားပြည်သူများက ယခုအခါ ထုတ်ဖော်ဆန့်ကျင်လာကြပြီဖြစ်သည်။ နိုင်ငံတစ်ဝန်း မြောက်ဘက်အစွန်းမှ တောင်ဘက်အစွန်းအထိ၊ အရှေ့ဘက်ထိပ်မှ အနောက်ဘက်ထိပ်အထိ လုံခြုံချောမွေ့စွာ အချိန်မရွေးသွားလာနိုင်ခဲ့သည့်ကာလ၊ တည်ငြိမ်အေးချမ်းမှုရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်နိုင်ခဲ့သည့်ကာလသည် ယခုအချိန်တွင် ပြန်လည်အမှတ်ရစရာ ဖြစ်နေပြီဖြစ်ရာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများကို ပြည်သူလူထုက မလိုလားဘဲ ဆန့်ကျင်လာကြပြီဖြစ်သည်။
နိုင်ငံတစ်ဝန်းအေးချမ်းသာယာသည်နှင့်အမျှ ပြည်သူလူထုက ရွေးကောက်တင်မြှောက်သော ကိုယ်စားလှယ်များဖြင့် လွှတ်တော်အသီးသီးတွင် ဒေသအကျိုး၊ နိုင်ငံ့အကျိုးအတွက် ဆောင်ရွက်နိုင်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံး၏ စုပေါင်းအင်အားဖြင့် အကြမ်းဖက် အဖျက်သောင်းကျန်းသူများကို စဉ်ဆက်မပြတ် ဆန့်ကျင်ကြရပါမည့်အကြောင်း။ ။