နေပြည်တော် ဩဂုတ် ၂၀
၂၀၂၅ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တံခွန်စိုက်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်ရှိ တပ်နယ်အားကစားခန်းမ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စခန်းမှူးရုံး ကိုယ်စားပြုအသင်းတို့၏ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲအမျိုးအစားအလိုက် တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ကိုယ်စားပြုအသင်းအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်မှ တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါပိုက်ကျော်ခြင်းပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မှ ပြိုင်ပွဲဝင်အသင်း ၁၇ သင်းဖြင့် ဩဂုတ် ၁၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်