Skip to main content

အဆင့်မြင့်အရာထမ်းသင်တန်း အမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၀

အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ် (၂၀) ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) န၀ရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးနှင့် အဖွဲ့ဝင် ဦးဆန်း မြင့်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး  ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်၊ နိုင်ငံ့ ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ တက္ကသိုလ်သင်ကြား/စီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက အဆင့်မြင့်အရာရှိကြီးများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့၏ လုပ်ငန်းကျွမ်းကျင်မှု၊ အရည်အချင်းပြည့်ဝမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတို့နှင့်အတူ ပြည်သူလူထု၏ဆန္ဒသဘောထားကို အလေးထား၍ တာဝန်ထမ်းဆောင်ကြရန်လိုကြောင်း သင်တန်းကရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့အကျိုးရှိရှိ အသုံးချကြရန်နှင့် နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအတွင်း ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းရွက်ရုံသာမက စိတ်စေတနာကောင်းများဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့နှင့် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ အဆိုပါသင်တန်းသို့ သင်တန်းသား ၂၃ ဦး၊ သင်တန်း သူ ၂၃ ဦး စုစုပေါင်း ၄၆ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ဇွန်၂၃ ရက်မှ ဩဂုတ် ၂၀ ရက်အထိဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး တက္ကသိုလ်၏ စီမံခန့်ခွဲရေး၊ လေ့ကျင့်ရေးနှင့် လုံခြုံရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားပြီး တက္ကသိုလ်အတွင်း အသားစားကြက်များ မွေးမြူထားရှိမှု၊ တက္ကသိုလ်အဝင်ဂိတ်များနှင့် ဝန်ထမ်းအိမ်ရာများ၊ သင်တန်းအိပ်ဆောင်အလိုက် သင်တန်းသူ သင်တန်းသားများ စိုက်ပျိုးထားရှိသည့် ရာသီသီးနှံစိုက်ခင်းများ၊ သင်တန်းအလိုက် သင်ခန်းစာပို့ချနေမှုနှင့် စစ်ရေးပြလေ့ကျင့်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။ ယင်းနောက်တက္ကသိုလ်ရှိ အရာ ထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ ဩဝါဒအမှာစကားပြောကြားကာ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံ သင်တန်းအမှတ်စဉ် (၈၀) မှ သင်တန်းသူများနှင့်အတူ ညနေစာသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်