ဦးဇော်မင်းသန်း (စက်ခေါင်းမောင်း - ၂ အထူး)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှုအဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီး၌ လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ စပိန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီလေအေးပေးစက်ပါ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းများဖြင့် ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ်နှင့် ရန်ကုန်မြို့ပတ်ရထားခရီးစဉ်တို့ကိုလည်းကောင်း၊ ဂျပန်နိုင်ငံမှ ဝယ်ယူထားသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းများဖြင့် နေပြည်တော်-ရန်ကုန် - နေပြည်တော် ခရီးစဉ်ကိုလည်းကောင်း ပြေးဆွဲပေးလျက်ရှိသည်။
ထိုသို့ ပြေးဆွဲပေးလျက်ရှိခြင်းကြောင့် ရထားစီးခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အဆင့်မီမီလိုက်ပါစီးနင်းနိုင်ပြီး လိုရာခရီးသို့ အချိန်တိုအတွင်း ရောက်ရှိစေကာ ဈေးနှုန်းသက်သာစွာဖြင့် စီးနင်းနိုင်မှုကြောင့် ခရီးသည်များ ကြိုက်နှစ်သက်ကြပြီး ရထားစီးနင်းမှုများပြားလျက်ရှိသည်။
အဆိုပါရထားခရီးစဉ်များ၌ ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ခရီးသွားလာနိုင်စေရန် ဝန်ဆောင်မှု အပြည့်အဝဆောင်ရွက်ပေးနေကြသည့် မြန်မာ့မီးရထားဝန်ထမ်းများနှင့် ၎င်းတို့၏ ကောင်းမွန်လှသည့် ဝန်ဆောင်မှုများကြောင့် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ လိုက်ပါစီးနင်းခဲ့ကြသည့် ခရီးသွားပြည်သူများ၏ ဝမ်းသာပီတိစကားသံများကို မေးမြန်းမျှဝေရေးသားဖော်ပြလိုက်ရပါသည်-
ဦးယဉ်မင်းဦး (မန်နေဂျာ၊ သွားလာရေး/တိုင်း)
မြန်မာ့မီးရထားအနေနဲ့ အရင်ကရိုးရိုးတွဲဆိုင်းတွေနဲ့ ပြေးဆွဲနေတာကနေ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့ ရိုးရိုးတွဲဆိုင်းရထားတွေနေရာမှာ လေအိတ်တွဲဆိုင်းရထားတွေနဲ့ အစားထိုးပြေးဆွဲခဲ့ပါတယ်။ လေအိတ်တွဲဆိုင်း ရထားတွေနဲ့ ပြေးဆွဲတဲ့အတွက် ရန်ကုန်မြို့ပတ်နဲ့ ရန်ကုန်-မန္တလေးလမ်းပိုင်းက ရထားလမ်းပိုင်းတွေကို အဆင့်မြှင့်တင်မှာဖြစ်လို့ ရန်ကုန်မြို့ပတ်လမ်းပိုင်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်မှာ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းအဆင့် မြှင့်တင်မှုပြီးစီးခဲ့ပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းသစ်ကို ၂၀၁၉ ခုနှစ် ဇွန် ၃ ရက်မှာ JICA စီမံကိန်းနဲ့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်မှာ ရန်ကုန်-တောင်ငူ လမ်းပိုင်းပြုပြင်မှု ပြီးစီးခဲ့ပါတယ်။ လမ်းပိုင်းတွေ ပြုပြင်ပြင်ဆင်ပြီးတာနဲ့ အဲဒီလမ်းပိုင်းတွေမှာ ပြေးဆွဲဖို့ဆိုပြီး DEMU တွဲဆိုင်းတွေကို မှာယူခဲ့ပါတယ်။ DEMU စပိန်တွဲဆိုင်းတွေကို ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာဆိုရင် ၁၁ ဆိုင်း မှာယူထားပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ YM-1 CMC ကို ပထမအသုတ်အနေနဲ့ လေးဆိုင်းမှာယူထားပါတယ်။ အဲဒီလေးဆိုင်းကတော့ ဂျပန်တွဲဆိုင်းဖြစ်ပါတယ်။ YM-2 ၁၅ ဆိုင်း ကတော့စပိန်တွဲဆိုင်းဖြစ်ပါတယ်။
ရန်ကုန်မြို့ပတ်မှာ ပြေးဆွဲနေတဲ့ ၁၁ ဆိုင်းက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှာ ရောက်ရှိပြီ ဖြစ်ပါတယ်။ ဂျပန်တွဲဆိုင်းလေးဆိုင်းက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၅ ရက်မှာ စတင်ရောက်ရှိပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှာ ၄ ဆိုင်းလုံးရန်ကုန်ဘူတာကို ရောက်ရှိခဲ့ပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ပြေးဆွဲမယ့်စပိန်တွဲဆိုင်း YM-2 ၁၅ ဆိုင်း မှာယူထားတဲ့အနက် ၁၄ ဆိုင်း ရောက်ရှိနေပြီဖြစ်ပါတယ်။ မြန်မာ့မီးရထားအနေ နဲ့ ၁၃ ဆိုင်းလက်ခံထားပြီး တစ်ဆိုင်းကိုတော့ အရည်အသွေးစစ်ဆေးနေဆဲဖြစ်ပါတယ်။
DEMU ရထားတွဲဆိုင်းကို စက်မှုဌာနမှ စက်ခေါင်းမောင်းတွေက မောင်းနှင်ပါတယ်။ ဒီရထားတွေ မောင်းနှင်နိုင်ဖို့အတွက် စက်ခေါင်းမောင်းတွေကို JICA က စာတွေ့၊ လက်တွေ့သင်တန်းပို့ချပေးပါတယ်။ DEMU ရထားတွဲဆိုင်းတွေရဲ့ မောင်းနှင်စနစ်၊ ပြုပြင်ရေးတို့အတွက် စက်ခေါင်းမောင်းတွေအပြင် မြန်မာ့မီးရထားရဲ့ စက်ခေါင်းပြင်အဖွဲ့တွေကိုပါ သင်တန်းပို့ချပေးတာ ဖြစ်ပါတယ်။ တွဲထိန်း၊ ဂတ်ဗိုလ်၊ သွားလာပို့ဆောင်ရေးက ဝန်ထမ်းတွေကိုပါ ပူးတွဲသင်တန်းပို့ချပါတယ်။ ရည်ရွယ်ချက်ကတော့ စက်ခေါင်းမောင်းနှင်မှု တစ်ခုတည်းမဟုတ်ဘဲ တံခါးအလိုအလျောက် ပိတ်တဲ့စနစ်၊ ဝန်ဆောင်မှုပေးတဲ့စနစ်တွေကိုပါ သင်တန်းပို့ချပေးပါတယ်။ မြန်မာ့မီးရထားရဲ့ ဝန်ထမ်းတိုင်းကို မွမ်းမံသင်တန်းတွေ ဆက်လက်ပို့ချရပါတယ်။
DEMU ဂျပန်တွဲဆိုင်းတွေမှာ မြို့ပတ်ရထားဆိုရင်ဘေးတန်းမျက်နှာချင်းဆိုင်ဖြစ်ပါတယ်။ ရထားတွဲတစ်စီးမှာ တွဲဆိုင်းခြောက်ဆိုင်းပါဝင်ပြီး ထိုင်စီးအတွက် ၃၃၂ ယောက် မတ်တတ်စီးက ၅၀၀ ခန့် စုစုပေါင်း ၈၃၂ ယောက် လိုက်ပါစီးနင်းလို့ရပါတယ်။ ရန်ကုန် - နေပြည်တော် ပြေးဆွဲတဲ့ရထားမှာဆိုရင် အထက်တန်းနှစ်တွဲမှာ ၃၆ ခုံစီနဲ့ ၇၂ယောက်၊ ပထမတန်းလေးတွဲမှာ ၂၄၀ လိုက်ပါစီးနင်းလို့ ရပါတယ်။ DEMU စပိန်တွဲဆိုင်းမှာ အထက်တန်းတစ်တွဲမှာ ၃၃ ခုံပါပါတယ်။ ပထမတန်းလေးတွဲမှာ ၂၂၄ ခုံ ပါပါတယ်။ ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ RBE လေးဆိုင်းနဲ့ ၂၃ ခေါက်၊ DEMU နဲ့ နှစ်ဆိုင်း လေးခေါက် စုစုပေါင်း ၂၇ ခေါက် ပြေးဆွဲပါတယ်။
အမြန်ရထားတွေအနေနဲ့ ရန်ကုန်-မန္တလေးလမ်းပိုင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းဆိုပြီး ပြေးဆွဲနေပါတယ်။ ရန်ကုန်-မန္တလေးလမ်းပိုင်းမှာဆိုရင် အမှတ်(၁)အဆန်၊ အမှတ်(၂) အစုန်စာပို့ရထားတစ်ရက်ခြားပြေးဆွဲပါတယ်။ အမှတ် (၁၁) အဆန်၊ အမှတ် (၁၂) အစုန်အမြန်ရထားကတော့ နေ့စဉ်ပြေးဆွဲပါတယ်။ အမှတ်(၇)အဆန်၊ (၈)အစုန်ကတော့ ရန်ကုန်-နေပြည်တော်ပြေးဆွဲပြီး မန္တလေးဘက်ကို ချိတ်ဆက် ပြီး (၂၇)ဆန်၊ (၂၈) အစုန်ဆိုပြီး နေ့စဉ်ပြေးဆွဲလျက်ရှိပါတယ်။
ရန်ကုန်-ပဲခူးလမ်းပိုင်း အမှတ် (၁၃) အဆန်၊ (၁၄)အစုန်နဲ့ အမှတ်(၁၅)အဆန်၊ (၁၆)အစုန်ကို DEMU တွဲဆိုင်းနဲ့ ပြေးဆွဲလျက်ရှိပါတယ်။ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းမှာတော့ အမှတ် (၈၁) အဆန်၊ (၈၂) အစုန် ပြေးဆွဲပါတယ်။ ရန်ကုန်-ပြည်လမ်းပိုင်းမှာတော့ အမှတ် (၇၁) အဆန်၊ (၇၂) အစုန် ပြေးဆွဲပါတယ်။ ရန်ကုန်-ပုဂံလမ်းပိုင်းမှာတော့ အမှတ် (၆၁)အဆန်၊ (၆၂)အစုန် သောကြာနေ့တိုင်း ပြေးဆွဲပါတယ်။ ရန်ကုန်အခြေစိုက်အနေနဲ့ ကြည့်မြင်တိုင်-ပြည်ကို ပြေးဆွဲတဲ့ အမှတ် (၆၃) အဆန်၊ (၆၄) အစုန်ကိုလည်း ပြေးဆွဲလျက်ရှိပါတယ်။ အင်းစိန်- ဥက္ကံကို အမှတ် (၆၅) အဆန်၊ (၆၆) အစုန် ပြေးဆွဲပါတယ်။ နေ့ထူးနေ့မြတ်ပိတ်ရက်တွေမှာတော့ လမ်းပိုင်းတိုင်းကို အထူးရထားအဖြစ် အမြဲတမ်းပြေးဆွဲပေးနေပါတယ်။
DEMU ရထားက အခြားနိုင်ငံကနေ မှာယူတင်သွင်းရတဲ့အတွက် တစ်ဆိုင်းတစ်တွဲရဲ့ တန်ဖိုးက ကြီးမားပါတယ်။ လေအေးပေးစက်စနစ်နဲ့ အသုံးပြုတဲ့အတွက် တွဲတိုင်းမှာ အနံ့အသက်မကောင်းတဲ့ပစ္စည်းတွေ တင်ဆောင်ခွင့်မပြုပါဘူး။ ကွမ်းယာစားခြင်းနဲ့ ဆေးလိပ်သောက်ခြင်းလည်း ခွင့်မပြုပါဘူး။ အခြားခရီးသည်ကို စိတ်အနှောင့်အယှက်ဖြစ်စေမယ့် အထုပ်အပိုးကြီးကြီးမားမားတွေလည်း ယူဆောင်ခွင့်မပြုပါဘူး။ အိမ်မွေးတိရစ္ဆာန်လည်း တင်ဆောင်ခွင့်မရှိပါဘူး။ သန့်ရှင်းမှုကို အလေးထားတဲ့အတွက် တွဲတိုင်းမှာ တွဲစောင့်တွေထားရှိပါတယ်။ တွဲစောင့်တွေက အမှိုက်တွေကို လိုက်လံသိမ်းဆည်းပေးပါတယ်။ သန့်စင်ခန်းမှာဆိုရင်လည်း လက်ဆေးဘေစင်၊ ဆပ်ပြာ၊ ဘိုထိုင်တွေပါပါတယ်။ မိလ္လာစနစ်ဆိုရင် စက်ရုံရောက်တဲ့အခါမှာ မိလ္လာသန့်စင်စက်နဲ့ သန့်ရှင်းရေးလုပ်ပါတယ်။ ရေရှည်အသုံးပြုနိုင်ဖို့အတွက် စနစ်တကျအသုံးပြုပေးခြင်းဖြင့် ကူညီပေးကြပါလို့ ပြောချင်ပါတယ်။
ခရီးသည်လုံခြုံရေးအတွက်ဆိုရင်လည်း ရထားထွက်ပြီဆိုတာနဲ့ အသိပေးကြေညာပြီး တံခါးက အလိုအလျောက်ပိတ်သွားတဲ့အတွက် လုံခြုံမှုက အပြည့်အဝရရှိစေပါတယ်။ လက်မှတ်စစ်ကလည်း မှတ်ပုံတင်နဲ့တကွ သေချာစိစစ်တာဖြစ်တဲ့အတွက် လူပိုလူလျှံတင်ဆောင်လို့မရပါဘူး။ ရထားလက်မှတ်ဝယ်ယူမှုအနေနဲ့ ရိုးရိုးတန်းဆိုရင် တစ်ရက်ကြိုရောင်းပါတယ်။ အထက်တန်းဆိုရင် သုံးရက်ကြိုရောင်းချပါတယ်။ ရန်ကုန်-နေပြည်တော် ပြေးဆွဲနေတဲ့ အမှတ် (၇) အဆန်၊ အမှတ် (၈) အစုန်ဆိုရင် ရိုးရိုးတန်းမပါပါဘူး။ ပထမတန်းနဲ့၊ အထက်တန်းပဲပါပါတယ်။ လက်ရှိဘူတာရုံတွေမှာ သုံးရက်ကြိုစနစ်နဲ့ ရောင်းချပေးနေပါတယ်။ အွန်လိုင်းကနေ အလွယ်တကူ ဝယ်ယူနိုင်ဖို့အတွက်လည်း စီစဉ်ဆောင်ရွက်နေပါတယ်။
ဦးဇော်မင်းသန်း (စက်ခေါင်းမောင်း-၂ အထူး)
ကျွန်တော်က ရထားစက်ခေါင်းမောင်းရတာကို ဝါသနာပါပါတယ်။ ခရီးသည်တွေကိုလည်း စိတ်ချမ်းမြေ့စွာနဲ့ အန္တရာယ်ကင်းအောင် လိုက်လံပို့ဆောင်ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ကျွန်တော်က ရန်ကုန် - မန္တလေး အမြန်ရထား၊ ရန်ကုန် - နေပြည်တော် အမြန်ရထားနဲ့ ရန်ကုန်-မော်လမြိုင်အမြန်ရထားတွေကို မောင်းနှင်ရပါတယ်။ အခုမောင်းနှင်ရတာကတော့ အရင်နဲ့မတူတော့ပါဘူး။ အခုကတော့ မီးရထားလမ်းပိုင်းတွေကိုလည်း အဆင့်မြှင့်တင်ထားတယ်။ အချက်ပြစနစ်တွေကိုလည်း အဆင့်မြှင့်တင်ထားတဲ့အတွက် ခရီးစဉ်တွေကတော့ လုံခြုံစိတ်ချရမှုရှိပါတယ်။ DEMU ရထားအသစ်ကြီးကတော့ ပြေးဆွဲတာမကြာသေးတဲ့အတွက် ခရီးသည်တွေအတွက် ထိတွေ့မှုနည်းသေးပါတယ်။ ဒါကြောင့် ရထားခရီးစဉ်အတွင်း လိုက်နာဆောင်ရွက်ရမှာတွေကိုလည်း နားလည်အောင်ရှင်းပြပေးရပါတယ်။ နောက်ပြီး ရထားကအမြန်နှုန်းမြင့်တဲ့အတွက် လမ်းကြောင်းတစ်လျှောက် တရားမဝင်လမ်းကူးမှုတွေကိုလည်း သတိထားမောင်းနှင်ရသလို လမ်းကြောင်းတစ်လျှောက်က ရွာတွေကို အသိပညာပေးတွေ ဆောင်ရွက်ပေးရပါတယ်။
အခုရထားအသစ်ကြီးက အရင်မောင်းနှင်ခဲ့တဲ့ ရထားတွေနဲ့ ကွဲပြားခြားနားမှုအများကြီးရှိပါတယ်။ စက်ပိုင်းဆိုင်ရာ၊ ဘရိတ်ပိုင်း၊ တံခါးအဖွင့်အပိတ်အပိုင်း၊ အဲကွန်းစနစ်အပိုင်းတွေမှာ အတော်လေးအဆင့်မြင့်တာမို့ ခရီးသည်တွေအတွက် လုံခြုံစိတ်ချရမှုအတော်လေးရှိပါတယ်။ ဒီရထားကြီးမောင်းနှင်ဖို့အတွက် ဝန်ကြီးဌာနက ဖွင့်လှစ်တဲ့ သင်တန်းတွေတက်ရပါတယ်။ သင်တန်းကာလအနေနဲ့ နှစ်ပတ်ကနေ သုံးပတ်လောက်တက်ခဲ့ရပါတယ်။ ဒါကြောင့် ရထားအသစ်ကြီးကို ပြည်သူတွေကို စီးစေချင်ပါတယ်။ ရထားက သက်သောင့်သက်သာလည်းဖြစ်တယ်။ အချိန်လည်းမှန်ကန်တယ်။ သန့်ရှင်းမှုလည်းရှိတယ်။ ဘေးအန္တရာယ်ကင်းရှင်းမှုလည်းရှိတဲ့အတွက် စိတ်ချမ်းသာမှု အပြည့်အဝရရှိ မှာ ဖြစ်ပါတယ်။
ဦးအောင်ကျော်ဦး (လက်မှတ်စစ်-၂)
ကျွန်တော်က ရန်ကုန်မြို့ကနေ တောင်ငူမြို့အထိ အသွားအပြန်လက်မှတ်စစ်ရပါတယ်။ ရထားခရီးစဉ်မှာ အရေးအကြီးဆုံးအချက်ကတော့ လုံခြုံစိတ်ချရမှုဖြစ်ပါတယ်။ ကားနဲ့ ရထားဆိုရင် မတော်တဆမှု အများဆုံးဖြစ်နိုင်တာကတော့ ကားပဲဖြစ်ပါတယ်။ နောက်ပြီး ကားထက်စာရင် ရထားက သက်သောင့်သက်သာပိုရှိပါတယ်။ ကျန်းမာရေးအတွက် အိမ်သာတွေလည်းရှိတယ်။ အခုပြေးဆွဲနေတဲ့ DEMU ရထားဆိုရင် ကားတွေနဲ့ ယှဉ်မောင်းနိုင်တဲ့ အမြန်နှုန်းတွေ ဖြစ်လာပါပြီ။ ဒါကြောင့် ရထားမှာအားသာချက်အများကြီးရှိပါတယ်။ DEMU ရထားကြီး ရေရှည်သန့်ရှင်းသပ်ရပ်စွာ ပြေးဆွဲနိုင်ဖို့အတွက် မီးရထားဝန်ထမ်းတွေအနေနဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးရင်းနဲ့ ခရီးသည်တွေ စွန့်ပစ်တဲ့အမှိုက်တွေကိုလည်း စနစ်တကျပြန်လည်သိမ်းဆည်းပြပါတယ်။ ဒီလိုသိမ်းဆည်းပြတာကို ခရီးသည်တွေမြင်သွားတဲ့အခါ အမှိုက်ကိုတွေ့ကရာ မစွန့်ပစ်တော့ဘဲ စနစ်တကျထားသိုသိမ်းဆည်းလာကြပြီး အမှိုက်ပုံးတွေထဲကို စွန့်ပစ်လာကြပါတယ်။
ခရီးသည်တွေအနေနဲ့ ဝန်ထမ်းတွေနဲ့ ပူးပေါင်းဆောင်ရွက်လာကြပါတယ်။ ဘိုထိုင်အိမ်သာတွေကို စနစ်တကျသုံးစွဲဖို့ကိုလည်း လမ်းညွှန်ချက်တွေကို မြန်မာစာသားတွေနဲ့ ရှင်းရှင်းလင်းလင်း ရေးပြထားပါတယ်။ ဒီလိုခေတ်မီရထားကြီးပေါ်မှာ တာဝန်ထမ်းဆောင်ရတဲ့အတွက် ကျွန်တော်တို့ ဝန်ထမ်းတွေအနေနဲ့ ဂုဏ်ယူမိပါတယ်။
ဦးဆန်းဝင်း (တွဲထိန်းကြီးကြပ်)
ရန်ကုန်-နေပြည်တော် ပြေးဆွဲနေတဲ့ DEMU ရထားတွဲဆိုင်းမှာ တွဲထိန်းအားလုံးကို ကြီးကြပ်ရတဲ့ ခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူရပါတယ်။ ကျွန်တော်က ခရီးစဉ်အစကနေ အဆုံးအထိ ခရီးသည်တွေ စိတ်အေးချမ်းစွာ သက်သောင့်သက်သာနဲ့ လိုက်ပါစီးနင်းနိုင်ဖို့ ကြီးကြပ်ရပါတယ်။ တွဲထိန်းဝန်ထမ်းတွေကိုလည်း တစ်တွဲမှာ တစ်ယောက်နှုန်းထားရှိပါတယ်။ ခရီးသည်တွေ ရထားပေါ်တက်လာပြီဆိုရင် ခုံနံပါတ်မမှားစေဖို့၊ ခရီးသည်ပါလာတဲ့ အထုပ်တွေကို စနစ်တကျထားရှိစေဖို့နဲ့ ခရီးသည်ရဲ့ လိုအပ်ချက်တွေကို လိုက်လံဖြည့်ဆည်းပေးပါတယ်။ ခရီးသည်တွေ စည်းကမ်းတကျ လိုက်ပါစီးနိုင်ဖို့၊ တခြားခရီးသည်တွေကို အနှောင့်အယှက် မဖြစ်စေဖို့ အမြဲတမ်းလိုက်လံစစ်ဆေးနေရပါတယ်။ လေအေးပေးစနစ်နဲ့ ပြေးဆွဲတာဖြစ်တဲ့အတွက် အနံ့အသက်ပြင်းလွန်းတဲ့ သစ်သီးဝလံ၊ ကုန်ပစ္စည်းတွေ တင်မတင်ကိုလည်း စစ်ဆေးရပါတယ်။
ရထားပေါ်မှာ ကွမ်းတံတွေးမထွေးဖို့၊ ဆေးလိပ်မသောက်ဖို့ တွဲအစ၊ တွဲအဆုံး မကြာခဏ လိုက်လံစိစစ်ပါတယ်။ ခရီးသည် အတင်အချကို အချိန်သုံးမိနစ်ပဲပေးတဲ့အတွက် ဒီရထားစတင်ပြေးဆွဲစဉ်က အရင်ကရထားတွေလို ခရီးသည်ကို ရထားပေါ်အထိ လိုက်လံပို့ဆောင်ပေးတဲ့သူတွေက ပြန်ဆင်းချိန်မရဘဲ ရထားပေါ် လိုက်ပါမှုတွေ ခဏခဏဖြစ်ပွားပါတယ်။ အဲဒီလိုမဖြစ်ပွားစေဖို့ ကျွန်တော်တို့ကပဲ ပစ္စည်းတွေကို သယ်ကူ၊ ချကူပါတယ်။ ရထားထွက်ချိန်တွေကလည်း နာရီပိုင်းတွေ ကွာခြားတဲ့အတွက် မီးရထားနံပါတ်မှားပြီး လိုက်ပါမှုလည်းရှိပါတယ်။ ဒီကိစ္စရပ်မျိုးတွေ မဖြစ်ပွားရအောင် ကျွန်တော်တို့ တွဲထိန်းတွေက သေချာစိစစ်ပေးရပါတယ်။
ရထားဘူတာတွေမှာ ခရီးသည် အတင်အချပြုလုပ်ရင်လည်း ခရီးသည် ဆင်းရမယ်ဆိုရင် ပစ္စည်းတွေ မကျန်ခဲ့စေဖို့ သေချာလိုက်လံစစ်ဆေးပေးပြီး အန္တရာယ်ကင်းကင်းနဲ့ ဆင်းနိုင်ဖို့ ဝန်ဆောင်မှုပေးပါတယ်။ ဒီရထားမှာ တွဲထိန်းအတွက် မိန်းကလေးတွေလည်းပါပါတယ်။ ခရီးသည်တွေ စားသောက်ရေးအဆင်ပြေစေဖို့အတွက် ခေါက်ဆွဲပြုတ်၊ ကော်ဖီ၊ လက်ဖက်ရည်နဲ့ မုန့်မျိုးစုံကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးပါတယ်။ ခရီးသည်တွေ စားသုံးပြီးချိန်ဆိုရင် ခရီးသည်တွေရဲ့ အမှိုက်တွေကို လိုက်လံသိမ်းဆည်းပေးပါတယ်။
ဒီရထားကြီး သန့်ရှင်းသပ်ရပ်မှုတွေနဲ့ ရေရှည်တည်တံ့နိုင်ဖို့ ကျွန်တော်တို့က ဝန်ဆောင်မှုပေးသလို ခရီးသည်တွေကလည်း ဝိုင်းဝန်းကူညီပေးကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလိုဝန်ဆောင်မှု ပေးရတာကို ဝမ်းသာဂုဏ်ယူမိပါတယ်။ ခရီးသည်တစ်ဦးက ဒီရထားကိုစီးပြီး လိုရာခရီးကို စိတ်အေးချမ်းသာစွာနဲ့ ရောက်ရှိသွားရင် ကျွန်တော်တို့က ပိုပြီး ပီတိဖြစ်ရပါတယ်။ နိုင်ငံတော်အနေနဲ့ကလည်း ခရီးသည်တွေလိုရာခရီးကို အချိန်အတိအကျရောက်ရှိပြီး စိတ်အေးချမ်းမှုနဲ့ လိုက်ပါစီးနင်းနိုင်ဖို့ ဆောင်ရွက်ထားတာဖြစ်လို့ မြန်မာ့မီးရထားကို စီးနင်းကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
မအိမ့်သဲဝေ(တွဲထိန်း)
DEMU ဂျပန်ရထား ဖေဖော်ဝါရီ ၂၈ ရက်က စတင်ပြေးဆွဲကတည်းက ဝန်ဆောင်မှုပေးခဲ့တာ ဖြစ်ပါတယ်။ အခုဒီရထားပေါ်မှာ မီးရထားဝန်ထမ်းတစ်ယောက်အနေနဲ့ ဝန်ဆောင်မှုပေးရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီရထားနဲ့ ငယ်ငယ်တုန်းက စီးဖူးခဲ့တဲ့ ရထားတွေနဲ့က ကွာခြားမှုတွေ အများကြီးရှိပါတယ်။ အရင်တုန်းက ရထားတွေက အလွန်ခုန်ပါတယ်။ ပြတင်းပေါက်တွေလည်း ဖွင့်စီးရတဲ့အတွက် လေသံတွေ၊ သံလမ်းသံနဲ့ ဆူညံသံတွေ ဖြစ်ပါတယ်။ ဒီရထားက လေအေးပေးစနစ်ဖြစ်တဲ့အတွက် အသံလည်း လုံတယ်၊ ခရီးသည်တွေအတွက် သက်သောင့်သက်သာလည်းဖြစ်ပါတယ်။ အဓိကကတော့ ရထားအတွင်းပိုင်း သန့်ရှင်းသပ်ရပ်ဖို့ကို အလေးထားဆောင်ရွက်ရပါတယ်။ ခရီးသည်တွေ စွန့်ပစ်ထားတဲ့ အမှိုက်တွေကိုလည်း သေချာလိုက်လံသိမ်းဆည်းပေးပါတယ်။ ခရီးသည်တွေ လိုအပ်တာကိုလည်း စေတနာထားပြီး ဆောင်ရွက်ပေးပါတယ်။ နောက်ပြီး ခရီးသည်တွေ ခရီးစဉ်မှာ သုံးဆောင်ဖို့ ကော်ဖီတွေ၊ မုန့်တွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးပါတယ်။ ခရီးသည်တွေ အဆင်ပြေပြေနဲ့ စိတ်ချမ်းမြေ့စွာ လိုက်ပါစီးနင်းကြတာကို မြင်ရတော့ ကျွန်မတို့လည်း ပျော်ရွှင်မိပါတယ်။
ဒေါ်ရီရီမြင့် (ခရီးသည်)
ကျွန်မကတော့ ပျဉ်းမနားမြို့မှာ နေထိုင်တာဖြစ်ပါတယ်။ အခုနေပြည်တော်ကနေ ရန်ကုန်ကို အလုပ်ကိစ္စနဲ့ သွားရောက်တာဖြစ်ပါတယ်။ အရင်ကတော့ ရန်ကုန်မြို့ကိုပဲဖြစ်ဖြစ်၊ မန္တလေးမြို့ကိုပဲဖြစ်ဖြစ် သွားရင်လေအိတ်ကားတွေနဲ့ပဲ သွားလာခဲ့ကြတာပေါ့။ အခုကျတော့ ခေတ်မီလှတဲ့ ရထားကြီးနဲ့ အဆင့်မီမီသွားလာလို့ရတဲ့အတွက် အလွန်ကို ကျေနပ်မိပါတယ်။ ဒီလိုအေးအေးဆေးဆေးသွားလာနိုင်ခဲ့လိမ့် မယ်လို့မထင်မှတ်ထားပါဘူး။ ဒီလို ရထားမျိုးကို နိုင်ငံခြားရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားတွေထဲကပဲ မြင်ခဲ့ကြည့်ခဲ့ရတာပါ။ အခုကိုယ့်နိုင်ငံမှာ ကိုယ်တိုင်ကိုယ်ကျ စီးခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်။ နောက်ပြီး ရထားက မြန်လည်းမြန်တယ်။ ရထားအတွင်းပိုင်းတွေကလည်း အလွန်ကို သန့်ရှင်းသပ်ရပ်မှုရှိတယ်။ အဲကွန်းလည်းပါတဲ့အတွက် အေးအေးဆေးဆေး စီးရတာပေါ့။
နောက်ပြီး ရထားဝန်ထမ်းတွေက အလှည့်ကျကော်ဖီတွေ၊ ခေါက်ဆွဲပြုတ်တွေ ရောင်းချပေးတဲ့အတွက် စားသောက်ရေးအတွက် မပူပန်ရတော့ဘူး။ သူတို့ လာရောက်ရောင်းချပေးတဲ့ ဈေးနှုန်းကလည်း ချိုသာတာကို တွေ့ရပါတယ်။ အခုရထားကြီးကြောင့် စိတ်ချမ်းမြေ့ရတဲ့ ခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။ ခရီးသွားပြည်သူတွေအနေနဲ့လည်း သက်သောင့်သက်သာနဲ့ ခရီးသွားချင်ရင် DEMU ရထားအသစ်ကြီးကို စီးကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။
ကိုကောင်းမြတ်ဦး (ခရီးသည်)
ကျွန်တော်ကတော့ ရန်ကုန်မြို့ကနေ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ ခရီးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက်နဲ့ ဆိုရင်တော့ ရထားစီးဖူးတာ နှစ်ကြိမ်ရှိပါပြီ။ ဒီရထားအသစ်ကြီးကတော့ ပြောစရာကို မလိုအောင်စီးလို့ကောင်းပါတယ်။ သန့်ရှင်းမှုလည်းရှိတယ်။ မြန်လည်းမြန်တယ်။ အချိန်တိကျမှုလည်းရှိတယ်။ ကိုယ်ရောက်နေတဲ့ ဘူတာကို ချက်ချင်းသိရသလို နောက်ရောက်မယ့် ဘူတာကိုလည်း ကြိုတင်ကြေညာပေးတဲ့ အချက်ကိုလည်း အတော်လေးသဘောကျမိတယ်။ အိမ်သာတွေကလည်း ထင်မထားလောက်အောင်ကို သန့်ရှင်းတယ်။ အဆင့်မီတယ်။
ပြည်သူတွေအနေနဲ့လည်း စည်းကမ်းတကျနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ်ဆိုရင် ရထားကြီးကတော့ အမြဲတမ်းခေတ်မီနေမှာပါ။ တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနေနိုင်ပြီလို့လည်း ခံစားမိပါတယ်။ မြန်မာ့မီးရထားကတော့ တော်တော်လေး တိုးတက်လာပါပြီ။ ဒီလိုမျိုးအရှိန်အဟုန်နဲ့ ဆက်သွားမယ်ဆိုရင် ကျွန်တော်အပါအဝင် ပြည်သူတွေအများစုက ရထားစီးနင်းလာကြတော့မှာပါ။
မဘရဏီဇော်ဝင်း (ခရီးသည်)
ကျွန်မက ရန်ကုန်မြို့ကနေ တောင်ငူမြို့ကို မိသားစုနဲ့အတူ အလည်အပတ်သွားမှာဖြစ်ပါတယ်။ ဒီရထားအသစ်ကြီးကိုတော့ အခုမှပထမဆုံးစီးဖူးတာဖြစ်ပါတယ်။ အရင်စီးခဲ့ဖူးတဲ့ ရထားတွေကတော့ အဲကွန်းလည်းမပါဘူး။ ပြတင်းပေါက်တော့ ဖွင့်လို့ရပေမယ့် နည်းနည်းအခက်အခဲရှိတယ်။ သက်သောင့်သက်သာသိပ်မရှိဘူး။ အခုရထားကြီးကတော့ စိတ်ချမ်းမြေ့စရာပါပဲ။ အဆင့်မီမီစီးရတယ်လို့ စိတ်ထဲခံစားမိပါတယ်။ အဲကွန်းတွေ၊ ဘိုထိုင်အိမ်သာတွေနဲ့ဆိုတော့ ခရီးသွားရတာ ပင်ပန်းတယ်လို့ မခံစားမိပါဘူး။ ဝန်ထမ်းတွေကလည်း ဆက်ဆံရေးကောင်းကြတယ်။ ဒီ DEMU ရထားသစ်ကြီးမှာ အားနည်းချက်ကို ရှာမတွေ့ခဲ့ပါဘူး။ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း စီးကြည့်ကြပါ။ ပျော်ရွှင်ဖွယ်ရာ ခရီးစဉ်တစ်ခုဖြစ်လာမှာပါလို့ ပြောလိုပါတယ်။ ။
တွေ့ဆုံမေးမြန်း - အောင်ရဲသန့်
ဓာတ်ပုံ - အောင်သန့်