Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိရုပ်ရှင်တော်မြတ်၊ အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီနှင့် အရိပ်မထွက်ဘုရား ပြန်လည်ပြုပြင်ထိန်းသိမ်းနေမှု ကြည့်ရှုစစ်ဆေး

မန္တလေး ဩဂုတ် ၂၀

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးသို့ ရောက်ရှိပြီး သောက်တော်ရေချမ်းနှင့်ပန်းများ ဆက်ကပ်၍ မဟာမုနိဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံနိုင်ရေးအတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူတော်ငွေနှင့် မဟာမုနိဘုရားကြီး ဌာပနာတော်အတွက် ဓာတ်တော်မွေတော်ကြုပ်များ၊ ဆင်းတုတော်နှင့် ဓမ္မစေတီများကို ဂေါပကအဖွဲ့ထံ လှူဒါန်းသည်။

ထို့နောက် မဟာမုနိဘုရားကြီးအား ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ ငလျင်ဒဏ်သင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုကာ ဘုံ (၇) ဆင့် ပြာသာဒ်တွင် တင်လှူပူဇော်မည့် အမှတ် (၁) ပြတိုက်အတွင်းရှိ စိန်ဖူးတော်၊ ရွှေထီးတော်၊ ငှက်မြတ်နားတော်များ အပူဇော်ခံထားရှိမှုအခြေအနေကို ကြည့်ရှုဖူးမြော်သည်။

ယင်းနောက် မဟာမုနိဘုရားကြီး ပရိဝုဏ်အတွင်းရှိ အစည်းအဝေးခန်းမ၌ ဘုရားကြီးပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအစည်းအဝေးသို့ တက်ရောက်၍ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကိစ္စရပ်များကို ဩဝါဒါဆရာတော်များထံမှ ဩဝါဒခံယူ၍ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်တို့မှ အင်ဂျင်နီယာပညာရှင်များ၊ ငလျင်ပညာရှင်များ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်၊ ဘုရားကြီး၏ သာသနိကအဆောက်အအုံ ကြံ့ခိုင်မှုအပြည့်အဝရရှိအောင် အကောင်းဆုံးအရည်အသွေးရှိသော ဆောက်လုပ်ရေးသုံးပစ္စည်းများကို အသုံးပြုရန်နှင့် နောက်ဆုံးပေါ်နည်းပညာဖြင့် ဆောင်ရွက်သွားရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အောင်မြေသာစံမြို့နယ်ရှိ ဘုရားနီဘုရားနှင့် အောင်မြေသာစံမြို့နယ်ရှိ အရိပ်မထွက်စေတီတော်ကြီးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပြန်လည်ပြုပြင်ရာတွင် ဌာပနာထည့်သွင်းရန်အတွက် ပြည်ထောင်စုဝန်ကြီးနှင့် ခုနစ်ရက်သားသမီးများက လှူဒါန်းထားသော အလှူငွေနှင့် ကြေးဗုဒ္ဓဆင်းတုတော်၊ ဓာတ်တော်စေတီတော်နှင့် ဓမ္မစေတီများကို ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်