Skip to main content

ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများဝိုင်းဝန်း ဆောင်ရွက်ပေးကြရန်နှင့် ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည်

နေပြည်တော် ဩဂုတ် ၁၉

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးတို့သည် ချောက်မြို့ အမှတ်(၅)ရပ်ကွက်ရှိ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်မည့် မြေနေရာသို့ ရောက်ရှိကြရာ ချောက်ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ မြေပြုပြင်ခြင်းနှင့် မြေသားစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက စွယ်တော်မြတ် စေတီတော်ကြီးအား စေတီတည်ဆောက်ရာတွင် သတ်မှတ်ထားသည့် အချိုးအစား များအတိုင်း စနစ်တကျတည်ဆောက်သွားကြရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

သီးခြားစီတွေ့ဆုံ

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌသည် ချောက်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား ရေနံချောင်းမြို့ စွမ်းအင်ရိပ်သာရှိ ခန်းမ၌လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များအား တွေ့ဆုံဆွေးနွေး ပြောကြားသည်။

ရှင်းလင်းတင်ပြ

ထိုသို့ တွေ့ဆုံရာတွင် ဦးစွာချောက်ခရိုင်အုပ်ချုပ်ရေးမှူးက ချောက်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ စွယ်တော်မြတ် စေတီတည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ ချောက်မြို့သို့ ရောက်ရှိစဉ် လမ်းညွှန်မှာကြားချက်များအပေါ် လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ချောက်မြို့ရှိ ကားကြီး ကွင်းမြေနေရာနှင့် ခရီးသွားကား ကြီးကွင်းမြေနေရာတို့အား စနစ်တကျဆောင်ရွက်ပြီးစီးမှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ ခရိုင်အတွင်း ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍများ မြင့်မားစေရေး ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့နယ်ဆိုင်ရာ အချက်အလက်များ၊ မြေအသုံးချမှု၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍမြှင့်တင် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိမှု၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ မြေအောက်ရေထိန်းသိမ်းရေးနှင့် မြို့ရေပေးဝေရေးအတွက် ဆောင်ရွက်ပေးထားမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ချောက်မြို့ရှိ မြို့မိမြို့ဖများက ချောက်မြို့ရှိ ပြည်သူ့ဆေးရုံအား အဆင့်မြှင့်တင်ပေးစေလိုမှုနှင့် ကျန်းမာ ရေးဝန်ထမ်းများ ဖြည့်ဆည်းပေး စေလိုမှု၊ မိုးလုံလေလုံ အားကစားခန်းမလိုအပ်လျက်ရှိမှု၊ ပူပြင်းခြောက်သွေ့သည့် ချောက်မြို့တွင် ပူပြင်းသည့်ကာလ၌ အပူရှောင်နိုင်သည့် စွယ်တော်မြတ်စေတီတည် ထားကိုးကွယ်ရန် စီစဉ်ဆောင်ရွက်‌ပေးမှုအပေါ် ချောက်မြို့သူမြို့သားများအနေဖြင့် ကျေးဇူးတင်လျက်ရှိမှု၊ ရေနံမြေဧရိယာအတွင်း ဆောက်လုပ်ထားသည့် နေအိမ်များနှင့် ပတ်သက်၍လည်းကောင်း၊ ရေနံချောင်းမြို့ရှိ ရပ်မိရပ်ဖများက ရေနံချောင်း တက္ကသိုလ်၌ ဘွဲ့နှင်းသဘင်ခန်းမ လိုအပ်လျက်ရှိမှု၊ ရေနံချောင်း စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များ၊ ကုန်သွယ် မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆိပ်ခံတစ်ခုတည်ဆောက်ပေးစေလိုမှုနှင့်မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးစေလိုမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

ဖြည့်စွက်ဆွေးနွေး

ရှင်းလင်းတင်ပြမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ရေနံမြေဧရိယာအတွင်းရှိ နေအိမ်များနှင့် ပတ်သက်၍ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ နေထိုင် ခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ယာမြေများအား မြစ်ရေတင် စီမံကိန်းများဖြင့် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ရေနံချောင်းဒေသအတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသည့် ဧရာဝတီမြစ်ကြောင်းအား ရေလမ်းကြောင်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရန်အတွက် သုတေသနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးကောင်းစွာရွာသွန်းမှုကြောင့် သီးနှံများစိုက်ပျိုးမှုကို ပိုမိုဖြစ်ထွန်းစေမှု၊ မြစ်ရေတင်လုပ်ငန်း များဖြင့်လည်း စိုက်ပျိုးရေလုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိမှု၊ တစ်ဧက ပန်းတိုင်အထွက်နှုန်းများ တိုးတက်ရေးဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

စီမံဆောင်ရွက်ပေးခဲ့

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ပြီးခဲ့သည့် ကာလရောက်ရှိချိန်၌ ချောက်မြို့နယ်အတွင်း အပူဒဏ်ခံစားရမှုကို လျှော့ချနိုင်ရေးအတွက် စီမံ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယနေ့လာရောက်ခဲ့ခြင်းမှာ ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် သာယာအေးချမ်း ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် “နိုင်ငံတော် ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်များကို ချမှတ်ထားကြောင်း။

နောက်ဆုံးအချက်ဖြစ်သည့် “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ချောက်ဒေသနှင့် ရေနံချောင်းဒေသအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ဒေသတွင်းနေထိုင်သူများကလည်း မဖြစ်မနေပါဝင် ဆောင်ရွက်ကြရန် လိုကြောင်း၊ ကျေးရွာများ၌ တစ်ရွာလျှင် ထင်းစိုက်ခင်းနှစ်ဧကစိုက်ပျိုးရန် သတ်မှတ်ထားပြီး ဆက်လက်တိုးချဲ့စိုက်ပျိုးသွားကြရန် လို ကြောင်း၊ ထိုသို့ဆောင်ရွက်သွား မည်ဆိုပါက ဒေသအတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း၊ မြို့နယ်အလိုက်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် အိမ်တစ်အိမ်လျှင် သစ်ပင်တစ်ပင်နှုန်းဖြင့် နှစ်စဉ်စိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်များ ထူထပ်များပြားလာပြီး သဘာဝပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်မှုကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သစ်ပင်များစိုက်ပျိုး မှုကြောင့် အရိပ်အာဝါသများ ရရှိ နိုင်မည်ဖြစ်ပြီး အပူဒဏ်ကို ထိုက်သင့်သလောက် လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ မိုးရာသီမကုန်ဆုံးမီကာလအတွင်း ရပ်ကွက်အလိုက်၊ လမ်းအလိုက်သစ်ပင်များကို ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြစေလိုကြောင်း။

ဆန်ဖူလုံအောင်ဆောင်ရွက်

စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံးမြစ်ရေတင်စီမံကိန်းများဖြင့် ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဒေသအတွင်း ဆန်ဖူလုံမှုများ ရှိလာမည်ဖြစ်ပြီး အခြားယာမြေများတွင် စိုက်ပျိုးသည့် သီးနှံများကိုလည်း အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသအတွင်း ဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။

ဒေသတွင်း၌ စိုက်ပျိုးမွေးမြူ ရေး ထုတ်ကုန်များကို ဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ဒေသ စီးပွားရေးကို များစွာတိုးတက်လာ မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား အခြားဒေသသို့ တင်ပို့ရောင်းချနိုင်ခြင်းဖြင့် ဒေသအတွက် ဝင်ငွေများရရှိစေမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ပြည်ပပို့ကုန်များရရှိမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း အကျိုး များစွာဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။

ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နေ့စဉ်လူမှုဘဝအတွက် အသိပညာ၊ အတတ်ပညာများ ရှိရန်လိုကြောင်း၊ အတန်းပညာများ တတ်မြောက်မှသာ အသိပညာ၊ အတတ်ပညာများ ရရှိမည်ဖြစ်ကြောင်း၊ လေ့လာမှုမှ အသိပညာအတတ်ပညာကို ရရှိနိုင်သော်လည်း အတန်းပညာကို တတ်မြောက်ထားမည်ဆိုပါက ပိုမိုသိရှိနားလည်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရည် မြင့်မားရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုသကဲ့သို့ တန်းစဉ်ကူးပြောင်းမှုများလျော့နည်းမှု မရှိစေရေးအတွက်လည်း ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်အတွင်း ပညာရည်မြင့်မားရေး ဒေသခံများအနေဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပညာတတ်များပေါများမှသာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြု နိုင်မည်ဖြစ်ကြောင်း။

ဒုတိယမိဘများဖြစ်

အခြေခံပညာကျောင်းများ၌ “အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက” ဟူသည့်အတိုင်း ကျောင်းတက်ရောက်မှု အပေါ်မူတည်၍ တစ်ဦးချင်း၏ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှုများမှာ ကွာခြားသွားကြကြောင်း၊ ဆရာဆရာမများသည် ဒုတိယမိဘများဖြစ်ကြကြောင်း၊ ထို့ကြောင့် မိမိတို့သားသမီးများ၏ အနာဂတ်များ ကောင်းမွန်စေရေး ပညာရေးဆုံးခန်းတိုင်သည်အထိ သင်ကြားပေးကြစေလိုကြောင်း၊ ပညာတတ်များ ဖြစ်မှသာ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန် သည့် လူငယ်များအဖြစ်ရောက်ရှိမည်ဖြစ်ပြီး မိမိတို့ဘဝရပ်တည်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ဒေသတွင်းနေထိုင် ကြသူများအနေဖြင့် အသိစိတ် ရှိရှိဖြင့် ထိန်းသိမ်းဆောင်ရွက်ပေးသွားကြစေလိုကြောင်း။

အမှန်တကယ် ဆောင်ရွက်နိုင်သူများရွေးချယ်

ယခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲပထမအသုတ်ကို ခရိုင်မြို့ကြီးများနှင့် နီးစပ်သည့် မြို့များတွင် စတင်ကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မှန်မှန်ကန်ကန်ဖြင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြ စေလိုကြောင်း၊ ဒီမိုကရေစီတွင် အရေးကြီးဆုံးမှာ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ခြင်းပင် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပြုလုပ်ပြီးချိန်တွင် အနိုင်ရရှိသည့် အစိုးရအဖွဲ့အား နိုင်ငံတော်တာဝန်များကို လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်လည်း နိုင်ငံ၏အကျိုး၊ဒေသ၏ အကျိုးအတွက် အမှန်တကယ် ဆောင်ရွက်ပေးနိုင်သူများ ကိုသာ ရွေးချယ်ကြရန်လိုကြောင်း ပြောကြားသည်။

တွေ့ဆုံပွဲ အခမ်းအနားများအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌသည် အခမ်းအနားတက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်