Skip to main content

ပါတီစုံဒီမိုကရေစီခရီးလမ်းလျှောက်လှမ်း ရွေးကောက်ပွဲအောင်မြင်ရေးတွင်ပါဝင်

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့က မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူ များဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

နိုင်ငံတော်အနေဖြင့် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို အဆင့်ဆင့်ဆောင်ရွက် လာခဲ့ရာ ယခုအခါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် အမှတ်(၅၅/၂၀၂၅)ထုတ်ပြန်၍ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲများကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကို သတ်မှတ်ကြေညာလိုက်သည်။ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက် (တနင်္ဂနွေနေ့)တွင် စတင်ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ဆက်လက်ကျင်းပပြုလုပ်မည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်ပါက တစ်ကြိမ်တည်း ကျင်းပပြုလုပ်ရန်ဟု ဖော်ပြပါရှိသည်။ သို့သော် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ အချို့ဒေသများတွင် တည်ငြိမ်အေးချမ်းမှုမရှိသေးပေ။ အလားတူ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တပြောင်းရွှေ့နေထိုင်လျက်ရှိသည့် မဲဆန္ဒရှင်များနှင့်ပြည်ပသို့ ရောက်ရှိနေသည့် မဲဆန္ဒရှင်ပြည်သူများကိုလည်း ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရမည်ဖြစ်သည်။ မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်းတွင် တည်ငြိမ်အေးချမ်းမှုမရှိသည့် ပါလီမန်ဒီမိုကရေစီခေတ် ရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပခဲ့သည်ဟုသိရသည်။ ထို့ကြောင့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို အပိုင်းလိုက်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲပြုလုပ်ချိန်တွင် လုံခြုံရေးနှင့် မဲမသမာမှုများ မဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်လျက်ရှိသည်။

ရွေးကောက်ပွဲ ကျင်းပပြုလုပ်ချိန်တွင် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေးတို့ကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲများတွင် မှန်ကန်တိကျမှုနှင့် မသမာမှုကင်းရှင်းရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) များဖြင့် မဲပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာတွင်လည်း MEVM စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရသည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလိုပါက ရွေးကောက်ပွဲများကျင်းပချိန်တွင် မဲပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြရန်လိုသည်။ ဆန္ဒမဲပေးကြရာတွင် ဒေသနှင့် နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်သွား ကြရန်လိုသည်။

ရွေးကောက်ပွဲကျင်းပပြီးချိန်တွင် တိုင်းရင်းသားများနှင့် လူထုလူတန်းစား အလွှာအသီးသီးကို ကိုယ်စားပြုသူများ လွှတ်တော်အတွင်း ကျယ်ကျယ်ပြန့််ပြန့် ပါဝင်လာစေရန်အတွက် ယခုကျင်းပမည့် ရွေးကောက်ပွဲများတွင် ပြည်သူ့လွှတ်တော်ကို FPTP စနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကို ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP- Mixed Member Proportion System)ကို အသုံးပြုဆောင်ရွက်သွားမည်ဟု သိရသည်။ နိုင်ငံတော် ရှေ့လုပ်ငန်းစဉ်၏ နောက်ဆုံးအချက်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ပြီးစီးပါက ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပ၍ ပေါ်ထွက်လာသည့်အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိပြီးဖြစ်သည်။

သို့ဖြစ်ရာ လွတ်လပ်၍ တရားမျှတသည့် သိက္ခာရှိသောရွေးကောက်ပွဲ၊ သိက္ခာရှိသည့် လွှတ်တော်ဖြစ်စေရေး ဝိုင်းဝန်းလက်တွဲ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး ဆန္ဒမဲများပေးနိုင်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ အဆင့်အလိုက်အောင်မြင်ဖြစ်ထွန်းအောင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသား ပြည်သူလူထုအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။