ရွက်အုပ်များသည့် သစ်ပင်များ ထူထပ်စွာပေါက်ရောက်သည့် နေရာဒေသများမှာ အပူချိန် သိသိသာသာ လျော့နည်းသည်။ နေပူပြင်းချိန်တွင် သစ်ပင်များမှ အရိပ်များကြောင့် နေရောင်သည် မြေကြီးပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့သည့်အခါ မြေကြီးမှ အပူစုပ်ယူခြင်းနှင့် အပူပြန်ခြင်းကို လျော့ကျသွားစေသည်။ ထို့အပြင်သစ်ရွက်များမှ ရေငွေ့ပျံသည့်ဖြစ်စဉ်များကလည်း လေထုထဲမှအပူရှိန်ကို လျော့နည်းသွားစေသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းများအရ သစ်ပင်သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခဲ့ရာတွင် ဒေသများအတွင်း စိမ်းလန်းစိုပြည်မှု အခြေအနေကောင်းအချို့ ရရှိခဲ့သော်လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။
မင်းဘူးမြို့နယ် အပူပိုင်းဒေသ (၁၃) ခရိုင်စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုး ပေးခဲ့သည်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ မိုးနည်းရပ်ဝန်းဒေသသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲလာချိန်တွင် အပူချိန်ပိုမိုပြင်းထန်လာခဲ့ရာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း နွေရာသီအချိန်ကာလ များတွင် ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့များစာရင်း၌ ယင်းဒေသ မှ မြို့များ ပါရှိခဲ့သည်ကို တွေ့ရသည်။ အပူပိုင်းဒေသတွင် ရာသီ ဥတုပူပြင်းသည့်ဒဏ်ကို မခံစားရစေရန်၊ ပူပြင်းမှုလျော့ကျစေရန် သစ်ပင်များစိုက်ပျိုးကြရမည်ဖြစ်သော်လည်း ချက်ပြုတ်ရေးအတွက် ထင်းလိုအပ်ချက်ကြောင့် သစ်ပင်ခုတ်လှဲမှုများရှိနေရာ ပြန်လည်အစားထိုးစိုက်ပျိုးခြင်းဖြင့် ကုစားကြရန်လိုသည်။
“ယခုဒေသတွင် လျှပ်စစ်ဓာတ်အားရရှိမှု နည်းပါးခြင်းကြောင့် ချက်ပြုတ်ခြင်းများအတွက် လိုအပ်သည့်ထင်းများကို ခုတ်ယူ သုံးစွဲကြကြောင်း၊ မိမိတာဝန်ယူဆောင်ရွက်ချိန်တွင် ရွာတစ်ရွာ တွင် ထင်းစိုက်ခင်း နှစ်ဧကစီ စိုက်ပျိုးရန်အတွက် တိုက်တွန်း ပြောကြားထားကြောင်း၊ မင်းဘူးခရိုင်အတွင်း ၅ မြို့နယ်၌ ကျေးရွာပေါင်း ၉၆၃ ရွာရှိကြောင်း၊ တစ်ရွာကို နှစ်ဧကနှုန်းဖြင့် စိုက်ပျိုးသွားမည်ဆိုပါက ဧက ၂၀၀၀ နီးပါး စိုက်ပျိုးနိုင်မည်ဖြစ် ကြောင်း၊ တစ်နှစ်လျှင် တစ်ခါ ထပ်မံစိုက်ပျိုးသွားမည်ဆိုပါက သစ်တောသစ်ပင်များ များစွာပေါက်ရောက်နိုင်မည်ဖြစ်ပြီး ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို များစွာအထောက်အကူပြုနိုင် မည်ဖြစ်ကြောင်း၊ အလားတူ အိမ်တစ်အိမ်လျှင် တစ်ပင်စီ စိုက်ပျိုးပါကလည်း မင်းဘူးခရိုင်အတွင်း အိမ်ခြေပေါင်း ၁၇၀၀၀၀ ခန့်ရှိသည့်အတွက် တစ်နှစ်တစ်ခါစိုက်ပျိုးသွားမည်ဆိုပါက သစ်ပင်သစ်တောပေါက်ရောက်မှု များစွာတိုးတက်လာမည်ဖြစ်ကြောင်း” မင်းဘူးမြို့နယ် အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ထင်းအတွက်ဖြစ်စေ၊ အခြားလိုအပ်ချက်များအရဖြစ်စေ သစ်ပင်များကို ခုတ်ယူသုံးစွဲမှုသက်သက်သာရှိပြီး ပြန်လည်စိုက်ပျိုးမှုမရှိပါက ရေရှည်တွင် သစ်တောသစ်ပင်များပျောက်ကွယ် သွားလိမ့်မည်ဖြစ်သည်။ သစ်ပင်ကင်းမဲ့သည့် ဒေသများသည်လည်း သဘာဝပတ်ဝန်းကျင်အခြေအနေနိမ့်ကျပြီး ကန္တာရများအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားမည်ဖြစ်သည်။ မိမိတို့နေထိုင်ရာ မြို့ရွာဒေသများ၊ ပတ်ဝန်းကျင်ဒေသများ၊ လမ်းများ၏ ဝဲယာဘေးနှစ်ဖက်များ၊ လွင်တီးခေါင်နေရာများတွင် ဒေသမျိုးရင်းသစ်ပင်များကို ရှင်သန်အောင်စိုက်ပျိုးကြခြင်းဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ကာ ရာသီဥတုဖောက်ပြန်မှုလျော့ပါးလာအောင် အထောက်အကူပြုကြရပါမည့်အကြောင်း။ ။