Skip to main content

နိုင်ငံ့အကျိုးစီးပွားတိုးပွားစေသည့် သုတေသနအခြေပြုတက္ကသိုလ်ဖြစ်စေရေး မှာကြား

နေပြည်တော် သြဂုတ် ၁၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပင်မစာသင်ဆောင်၌ ခင်းကျင်းပြသထားသည့် မဟာဌာနကျောင်းသား ကျောင်းသူများ၏ သုတေသနပရောဂျက်ပြပွဲတွင် ဆိုလာနည်းပညာ၊ စက်ရုပ်နည်းပညာ၊ စွန့်ပစ်ပစ္စည်း မှထုတ်ကုန်များ ပြန်လည်ထုတ်ယူသည့်နည်းပညာ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် AI သုံး ကျန်းမာရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနပရောဂျက်များမှရလဒ်များကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ Smart City၊ Eco-Tourism နှင့် ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်း အခြေပြုကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး အထောက်အကူပြုနိုင်မည့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ သုတေသနရလဒ်များကို ပြည်သူတို့ရရှိခံစားနိုင်ရေးနှင့် နိုင်ငံ့အကျိုးစီးပွားတိုးပွားစေသည့် သုတေသန အခြေပြုတက္ကသိုလ်ဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် သုတေသနထူးချွန်ဂုဏ်ပြုဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး သုတ၊ ရသ စာအုပ်များပေးအပ်၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသားအဆောင်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)ရှိ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ အရည်အသွေးပြည့်ဝရေး၊ ကျင့်ဝတ်စည်းကမ်းလေးစားလိုက်နာကာ ဗလငါးတန်နှင့်ပြည့်စုံစေရေး ကြိုးပမ်းဆောင်ရွက်ရန်မှာကြားပြီး တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ထူးချွန် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စာကြည့်တိုက်တွင် စာပေဖတ်ရှုလေ့လာလျက်ရှိသော ကျောင်းသား ကျောင်းသူများကို အားပေးစကားပြောကြားကာ သုတ၊ ရသစာအုပ်များကိုပေးအပ်၍ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။

သတင်းစဉ်