နေပြည်တော် ဩဂုတ် ၁၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး၊ ကျောက်ဆည်ခရိုင်ရုံး၊ ကျောက်ပန်းတောင်းမြို့နယ်ရုံးနှင့် ချောက်မြို့နယ်ရုံးတို့သို့ရောက်ရှိပြီး ရုံးနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားသည်။
ယနေ့နံနက်ပိုင်းတွင် ချောက်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသားကျောင်းသူများ ပညာသင်ကြားသင်ယူနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းခန်းမ၌ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာရည်မြင့်မားရေးနှင့် လူငယ်ရေးရာကိစ္စရပ်များကို မှာကြားသည်။
တွေ့ဆုံပွဲသို့ ချောက်ခရိုင်ပညာရေးမှူးနှင့် မြို့နယ်ပညာရေးမှူးများ၊ ချောက်မြို့ စက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီး၊ ချောက်မြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းအုပ်ဆရာကြီး ဆရာမကြီးများနှင့် ဆရာ ဆရာမများ၊ လူရည်ချွန်မောင်မယ်များ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက ဆွေးနွေးမှာကြားရာတွင် တစ်ဦးချင်းအတွက်ရော ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ပညာရေးသည် အဓိကကျပါကြောင်း၊ ပညာမတတ်သူ၊ ပညာရည်နိမ့်ပါးသူများပြားနေလျှင် အောက်ကျနောက်ကျဖြစ်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန်မဖြစ်နိုင်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ ပြည့်ဝသူများဖြင့်သာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ ရရှိပြီးသော လူဦးရေနှင့် သန်းခေါင်စာရင်းအချက်အလက်များအရ မိမိတို့နိုင်ငံတွင် ကျောင်းလုံးဝမနေဖူးသူနည်းပါးသော်လည်း လူဦးရေ ၏ ၅၀ ရာခိုင်နှုန်းခန့်မှာ မူကြိုနှင့် မူလတန်းအဆင့်သာ အောင်မြင်ကြပါကြောင်း၊ ထို့ပြင် အခြေခံပညာအလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့တွင်လည်း အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်သွားကြသဖြင့် ဘွဲ့ရပညာတတ်အရေအတွက်မှာ နည်းပါးလာပါကြောင်း။
ရေရှည်တွင် နိုင်ငံအတွက် စိုးရိမ်စရာဖြစ်သောကြောင့် နိုင်ငံတော်အကြီးအကဲကလည်း “ပညာတတ် များရှိမှသာလျှင် နိုင်ငံ့အနာဂတ်အတွက် စိတ်ချရမည်ကို အမြဲတမ်းခံယူထားရန်၊ ပညာတတ်လူသားအရင်း အမြစ်ကောင်းများမဖြစ်မနေဖော်ဆောင်ပေးကြရန်”၊ “ယနေ့ ဆူပူအကြမ်းဖက်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ပိတ်ထားရသောကျောင်းများကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးနှင့် ကျောင်းထွက်မှုနှုန်းလျော့ပါးရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်းမြင့်မားရေး၊ KG+9 ထိ မသင်မနေရပြီးစီးအောင်သင်ယူရေး” စသည်တို့ကို လမ်းညွှန်မှာကြားထားပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် စာတတ်ရုံ၊ အတန်းအောင်ရုံမျှဖြင့် ကျေနပ်မနေကြဘဲ စဉ်းစားတွေးခေါ်မှု၊ ဗဟုသုတပြည့်စုံမှု၊ အမှားအမှန်ခွဲခြားနိုင်မှု၊ တီထွင်ဆန်းသစ်မှု စသည်တို့ဖြင့် အသိပညာပြည့်ဝအောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။
ဆက်လက်၍ ငယ်စဉ်ကတည်းက အကျင့်စာရိတ္တကောင်းမွန်ပြီး စည်းကမ်းဥပဒေကို လိုက်နာတတ်သူ များဖြစ်အောင် ကျင့်ကြံနေထိုင်ရေး၊ စာတတ်ရုံပညာတတ်ရုံဖြင့်မပြီးဘဲ ကျန်းမာကြံ့ခိုင်အောင်ကြိုးစားပြီး ဗလငါးတန်ပြည့်ဝအောင် ဖြည့်ဆည်းနေထိုင်ရေး၊ အလိမ္မာစာမှာရှိ ဆိုသည့်စကားနှင့်အညီ စာပေလေ့လာဖတ်ရှုပြီး လူကောင်းလူတော်များဖြစ်အောင်၊ မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိနိုင်ငံနှင့် ပြည်သူအကျိုးကို ဖြည့်ဆည်းသယ်ပိုးပေးနိုင်သူများဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ လမ်းညွှန်မှာကြားထားသည့်အတိုင်း စာမတတ်သူသည် ထိုင်နေသောသူနှင့်တူပြီး စာတတ်သော်လည်း စာမဖတ်သူမှာ ရပ်နေသူနှင့်တူကြောင်း၊ စာလည်းတတ်စာလည်းဖတ်ကြမှသာ လမ်းလျှောက် သူ၊ ဘဝရှင်သန်နေသူဖြစ်မည်ဆိုသည့် မှာကြားချက်နှင့်အညီ စာပေလေ့လာဖတ်ရှုခြင်း၊ စဉ်ဆက်မပြတ်လေ့လာသင်ယူခြင်းတို့ဖြင့် ဘဝကိုတိုးတက်အောင် ဆောင်ရွက်သွားကြစေလိုပါကြောင်း။
မိဘနှင့် ဆရာ ဆရာမများက ကျင့်ဝတ်နှင့်အညီ ပြုစုစောင့်ရှောက်သွန်သင်ဆုံးမမှုများကို ကျောင်းသား ကျောင်းသူများအနေဖြင့် သားသမီးဝတ်၊ တပည့်ဝတ်တို့နှင့်အညီ နာယူမှတ်သားလိုက်နာကြခြင်းဖြင့် သက်ရှည်ကျန်းမာပြီး ဘဝအဆင့်အတန်းမြင့်မားသူများဖြစ်အောင်၊ တိုင်းပြည်၏ သားကောင်းရတနာများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြစေလိုပါကြောင်း မှာကြားသည်။
ထို့နောက် ကျောင်းစာကြည့်တိုက်အတွက် ပြန်ကြားရေးဝန်ကြီးဌာနမှလှူဒါန်းသည့် စာအုပ်စာစောင်များနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီး ဌာနမှပေးအပ်သည့် အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ခရိုင်ပညာရေးမှူးတို့က လက်ခံရယူပြီး မြို့နယ်ပညာရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဆရာ ဆရာမများ၊ မိဘများ၊ ကျောင်းသား ကျောင်းသူများ၊ လူရည်ချွန်မောင်မယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရေနံချောင်းမြို့နယ်ရုံးတွင်လည်းကောင်း၊ မကွေးခရိုင်ရုံးတွင် မကွေးခရိုင်နှင့် မင်းဘူးခရိုင်တို့မှ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများအားလည်းကောင်း၊ မြို့သစ်မြို့နယ်ရုံးတွင် ဝန်ထမ်းများအားလည်းကောင်းတွေ့ဆုံ၍ ဝန်ထမ်းကျင့်ဝတ်၊ အဓိဋ္ဌာန်များနှင့်အညီ ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားကျင့်ကြံလုပ်ကိုင်ရေး၊ လူငယ်အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရေး၊ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျရာတာဝန် အခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ရေးနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
သတင်းစဉ်