မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရရှိပြီးနောက် မတ်လမှစတင်၍ ဝါဒရေး၊ လူမျိုးရေး၊ နိုင်ငံရေးခံယူချက်မတူညီမှုများကြောင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်များ ပေါ်ပေါက်လာခဲ့သည်မှာ ယခုအခါ နှစ်ပေါင်း ၇၀ ကျော်၊ ၈၀ နီးပါးကာလသို့ပင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းခြင်းသည် မည်သည့်အခါမျှ မအောင်မြင်သော်လည်း ပြည်တွင်း၊ ပြည်ပပယောဂများနှင့် ကိုယ်ကျိုးစီးပွားရှာဖွေလိုသူများကြောင့် ယခုထက်တိုင်သက်တမ်းရှည်နေသည်ဟု သုံးသပ်မိပါသည်။
နိုင်ငံတော်အစိုးရအဆက်ဆက်သည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် အကောင်အထည်ဖော်ခဲ့သော်လည်း ထာဝရငြိမ်းချမ်းရေးနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ မျက်မှောက်ကာလတွင် ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးအကောင်အထည်ဖော်နိုင်ခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အလွန်အရေးကြီးသဖြင့် တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို စတင်ဆောင်ရွက်ခဲ့သည်။
ယနေ့အချိန်အထိ ထာဝရငြိမ်းချမ်းရေးအတွက် တစ်ဖက်သတ်အပစ်ရပ် ထုတ်ပြန်မှုပေါင်း ၂၇ ကြိမ်ထုတ်ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးကိုအလေးထားဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့်သာ ရရှိနိုင်မည်ဖြစ်သည်။ “ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်ဖြစ်ချင်သည်များကို ပြောဆိုနေမည့်အစား ဖြစ်သင့်သည်များကိုပြောပြီး ဖြစ်နိုင်သည်များကို ညီညီညွတ်ညွတ်ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြင့် လက်တွေ့ကျပြီး အောင်မြင်ခိုင်မာသည့် ငြိမ်းချမ်းရေးကိုတည်ဆောက်ကာ နိုင်ငံနှင့် ပြည်သူလူထု၏ ကောင်းရာကောင်းကျိုးကိုရှေးရှုကြရန်” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၅)တွင် ပြောကြားထားသည်။
နိုင်ငံတော်အစိုးရသည် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ခေါင်းဆောင်များနှင့် ဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခုနစ်ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ သုံးဖွဲ့တို့နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအနေဖြင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၉၁ ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်အဖွဲ့များနှင့် ၂၅ ကြိမ် ဆွေးနွေးခဲ့သည်။
ထို့အပြင် နိုင်ငံရေးပါတီများနှင့် ၂၂ ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့များနှင့် ၁၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်အတွင်း ငြိမ်းချမ်းရေးစကားဝိုင်းတစ်ကြိမ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ကြိမ် ကျင်းပဆောင်ရွက်ခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများမှတစ်ဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် သဘောတူညီချက် ၄၃ ချက်ကို လက်မှတ်ရေးထိုးအတည်ပြုနိုင်ခဲ့သည်။ ယင်းသဘောတူညီချက်များနှင့် ယခင်အစိုးရများလက်ထက် ငြိမ်းချမ်းရေးညီလာခံရလဒ်များမှ စုစည်းထားသည့် ပြည်ထောင်စုသဘောတူညီချက် (Union Accord)များကို မကြာမီကျင်းပမည့် ရွေးကောက်ပွဲမှပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်သို့တင်ပြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်နိုင်ရေးလုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်သွားရမည်ဖြစ်သည်။
သို့ဖြစ်ရာ ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေးတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ လိုအင်ဆန္ဒဖြစ်သည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော သက်ဆိုင်သူများအားလုံးသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆွေးနွေးညှိနှိုင်းအဖြေရှာပြီး မိမိတို့ဖြစ်ချင်သည်များကိုလျှော့ချ၍ ဖြစ်သင့်သည်များကို ဦးစားပေးကာ ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။