အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်တွင် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ (Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး။”ဟူသော ဦးတည်ချက်လည်းပါဝင်သည်။ သို့ဖြစ်ရာ ပြည်သူတို့၏ လူမှုစီးပွားဘဝမြင့်မားရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် တည်မှီနေပြီး စိုက်/မွေး အခြေခံစက်မှုဖွံ့ဖြိုးတိုးတက်ရေးသည်လည်း စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်မှုအပေါ်တွင် မူတည်လျက်ရှိသည်။
စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများဆိုသည်မှာ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် သီးနှံများ၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ အမျှင်များ၊ မွေးမြူရေးထွက်ပစ္စည်းများ စသည်တို့ကို ကုန်ကြမ်းအဖြစ်အသုံးချပြီး တန်ဖိုးမြှင့်ကုန်ချောများ၊ တစ်ပိုင်းကုန်ချော သို့မဟုတ် အခြားစက်မှုလုပ်ငန်းများအတွက် သွင်းအားစုများထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်။ အဆိုပါလုပ်ငန်းများက စိုက်ပျိုးရေး ထွက်ကုန်ကုန်ကြမ်းများကို စားသောက်ကုန်အမျိုးမျိုး၊ အထည်အလိပ်များ၊ ဇီဝလောင်စာများ စသည်တို့အဖြစ်သို့ အသွင်ပြောင်းစေပြီး တန်ဖိုးကိုလည်း မူလကုန်ကြမ်းထက် များစွာတိုးမြှင့်သွားစေသည်။ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်ဖြစ်ပေါ်ရေး၊ မြို့ပြနှင့် အခြားပြည်ပနိုင်ငံများသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများ လျော့နည်းရေးတို့ကို များစွာအထောက်အကူဖြစ်စေသည်။
လယ်ယာထွက်ကုန်များကို ကုန်ကြမ်းအဖြစ် အဓိကသုံးစွဲသည့် စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် တိုးတက်စေရန်ကိုလည်း အပြန်အလှန်အမှီသဟဲပြု၍ အားပေးသည်။ စိုက်ပျိုးမွေးမြူ ကုန်ထုတ်လုပ်သည့်နေရာများနှင့် မလှမ်းမကမ်းတွင် တည်ရှိနေသည့် စိုက်/မွေး အခြေခံကုန်ထုတ်လုပ်ငန်းများသည် စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်ငန်းများမှ ထွက်ပေါ်လာသော ကုန်ကြမ်းများအတွက် ခိုင်မာသော ဈေးကွက်များအဖြစ် ရပ်တည်ပေးပြီး ကျေးလက်ဒေသများတွင် အလုပ်အကိုင်များကိုလည်း ဖန်တီးပေးနိုင်ရာ စိုက်ပျိုးမွေးမြူတောင်သူများ၏ မိသားစုဝင်များအတွက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေရလမ်းတို့ကို ဖြစ်ပေါ်စေသည်။ ထို့အပြင် ပြည်တွင်းသုံးစွဲရန် မရှိမဖြစ်လိုအပ်သောပစ္စည်းများကို ထုတ်လုပ်ပေးခြင်းဖြင့် ပြည်ပသွင်းကုန်အပေါ် မှီခိုနေရမှုကိုလည်း လျှော့ချပေးနိုင်သည်။
ကမ္ဘာပေါ်တွင် စိုက်ပျိုးမွေးမြူရေးအခြေခံစက်မှုကဏ္ဍ ထွန်းကားသည့် အဓိကနိုင်ငံကြီးများမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးများပင်ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်တွင် ထိပ်တန်းမှရပ်တည်နိုင်သော နိုင်ငံများလည်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အစေ့အဆန်များ၊ ပဲပိစပ်၊ မွေးမြူရေးထုတ်ကုန်များအပါအဝင် လယ်ယာထွက်ကုန်အများအပြားတို့၏ ထိပ်တန်းထုတ်လုပ်သူ၊ ထိပ်တန်းတင်ပို့သူဖြစ်သည်။ တရုတ်သည် ဆန်၊ ဂျုံ၊ ဟင်းသီး ဟင်းရွက်၊ ကောက်ပဲသီးနှံများ၊ အိန္ဒိယသည်လည်း ဆန်၊ ဂျုံ၊ ချည်မျှင်၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ရုရှားသည် ဂျုံနှင့် အစေ့အဆန်များ၊ ဘရာဇီးသည် ပဲပိစပ်၊ ကော်ဖီနှင့် သကြား၊ အာဂျင်တီးနားသည် ပဲပိစပ်၊ ဂျုံနှင့် အမဲသား၊ ပြင်သစ်သည် ကောက်ပဲသီးနှံ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ အင်ဒိုနီးရှားသည် စားအုန်းဆီနှင့် စိုက်ပျိုးရေးထွက်ကုန်အမျိုးမျိုး၊ ထိုင်းသည် ဆန်နှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ၊ အီတလီသည် အသီး အနှံ၊ ဟင်းသီးဟင်းရွက်များနှင့် ဝိုင် စသည်တို့ကို အများအပြားထုတ်လုပ်နိုင်စွမ်းရှိပြီး ကမ္ဘာ့ဈေးကွက်သို့လည်း အများအပြားတင်ပို့နေခြင်းဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေး၏ အခြေခံအုတ်မြစ်ဖြစ်သော စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မှုရရှိစေရန် အားပေးတိုက်တွန်းဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ စိုက်/မွေးအခြေခံ စက်မှုလုပ်ငန်းများတွင် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံထူထောင် လုပ်ကိုင်လာရေးအတွက်လည်း မဖြစ်မနေကြိုးပမ်းအားထုတ် လုပ်ကိုင်ဆောင်ရွက်ကြရပါမည့်အကြောင်း။ ။