ထားဝယ် ဩဂုတ် ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ဆန်းချီရပ်တွင် တည်ဆောက်လျက်ရှိသည့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာစင်တာ Ethnic Centerကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ Successful TMA Construction Co;Ltd. တာဝန်ခံအင်ဂျင်နီယာက Ethnic Center တည်ဆောက်နေမှုကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က Ethnic Center ၌ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အထိမ်းအမှတ်အခမ်းအနားများ၊ အသက်မွေး ဝမ်းကျောင်းဆိုင်ရာသင်တန်းများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက Ethnic Center တည်ဆောက်နေမှုနှင့်ပတ်သက်၍ လိုအပ်သည်များမှာကြားပြီး တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
၂ဝ၂၅ - ၂ဝ၂၆ ဘဏ္ဍာနှစ် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဘဏ္ဍာရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် ထားဝယ်မြို့ ဆန်းချီရပ်ရှိ Ethnic Center တွင် RC နှစ်ထပ်ပေ (၅၀x ၆၀) အဆောက်အအုံနှင့် အခြားဆက်စပ်လုပ်ငန်းများ (Roof Slab နှင့် Extension Roof) တည်ဆောက်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)