Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီးသင်တန်းဆင်းပွဲနှင့် (၁၀) နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

ရန်ကုန် ဩဂုတ် ၁၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကြီးမှူးဖွင့်လှစ်သည့် မြန်မာနိုင်ငံဘော်လီဘောဒိုင်လူကြီး (Referee) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

တက်ရောက်

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘော်လီ ဘောအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြဆရာများ၊ ဒိုင်ချုပ်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဒိုင်သင်တန်းနည်းပြချုပ် ဦးဖြိုးသူအောင်အား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီးက သင်တန်းမှူး ဦးဇော်လွင်ဦးအား ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌတို့က သင်တန်းဆင်းဒိုင်လိုင်စင်လက်မှတ်များကို သင်တန်းသား သင်တန်းသူများအားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားခန်းမ ၌ (၁၀) နှစ်ပြည့်အထိမ်းအမှတ် MLWC မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးက ရတနာရွှေမောင်းကို သုံးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးကာ ပထမပွဲစဉ်အဖြစ် ၅၄ ကီလိုတန်းတွင် သိန်းစိုးနှင့် ဆလိုင်းထန်ခွီးရှိန်တို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေး၍ အနိုင်ရရှိသွားသော ဆလိုင်းထန်ခွီးရှိန်ကို ရွှေခါးပတ်နှင့် လည်ဆွဲကို ပေးအပ်ချီးမြှင့်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဗိုလ်လုပွဲများကို ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ရာ အမျိုးသမီးတစ်ကိုယ်တော် ဓါးတစ်လက်အပြပြိုင်ပွဲ၊ အမျိုးသားတစ်ကိုယ်တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသမီးတစ်ကိုယ်တော် လှံရှည်အပြပြိုင်ပွဲ၊ အမျိုးသားအတွဲလိုက် (၁+၃) ဓါးရှည်ဝိုင်းထွက်ပြိုင်ပွဲ၊ အမျိုးသမီး (၅၀-၅၅)ကီလို ဓါးနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသား(၅၀-၅၅)ကီလို ဓါးနှစ်လက်အတိုက်ပြိုင်ပွဲ၊ အမျိုးသမီး(၄၅-၄၉)ကီလိုအတိုက်ပြိုင်ပွဲ၊ အမျိုးသား (၄၉-၅၃) ကီလိုအတိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့် သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အမျိုးသမီးတံခွန်စိုက်ဆုဖလားနှင့် အမျိုးသားတံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးက တံခွန်စိုက်ဆုဖလားရရှိသွားသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား စုပေါင်းတံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။

ထို့နောက် အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏရှိ ကျောက်စိမ်းခန်းမ၌ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်တို့နှင့် တွေ့ဆုံ၍ (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး၊ ဆုတံဆိပ်များ ရရှိနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေများ၊ Joint Training သွားရောက်လေ့ကျင့်နိုင်ရေး၊ လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းများ ဝယ်ယူသယ်ဆောင်နိုင်ရေးတို့ကို ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်