နေပြည်တော် ဩဂုတ် ၁၇
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မီတာစမ်းသပ်စစ်ဆေးရေးဌာန (Test Lab) မှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လိုက်လံကြည့်ရှုစစ်ဆေး
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စမ်းသပ်စစ်ဆေးပြီး မီတာများကို မြို့နယ်များသို့ အချိန်မီပို့ဆောင်သွားရန် နှင့် ပြည်သူလူထု အမြန်ဆုံးတပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက်သွားရန်၊ အောက်မြန်မာပြည်အတွက် အသုံးပြုမည့်မီတာများကို ရန်ကုန် (Test Lab)မှ စမ်းသပ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် နေပြည်တော် (Test Lab) အနေဖြင့် အထက်မြန်မာပြည်အတွက် အသုံးပြုမည့် မီတာများကို အဓိကဦးစားပေး၍ စမ်းသပ်စစ်ဆေးဆောင်ရွက်သွား ရန်၊ အသုံးပြု၍မရတော့သည့် ပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ စာရင်းမှ ပယ်ဖျက်၍ ရှင်းလင်းဆောင်ရွက်သွားရန် မှာကြားပြီး မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်နေမှု၊ အသားတံဆိပ်ရိုက်နှိပ်ခြင်း ဆောင်ရွက်နေမှု၊ မီတာ Voltage Supply လုပ်ငန်းဆောင်ရွက်နေမှုနှင့် မီတာများ ဆီးလ်ခတ်ခြင်းနှင့် ဘားကုတ်ထည့်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို အသေးစိတ် လိုက်လံကြည့်ရှုစစ်ဆေးသည်။
လိုအပ်သည်များ မှာကြား
ထို့နောက် ပစ္စည်းသိုလှောင်ရေးစတိုအတွင်း ထိန်းသိမ်းထားရှိသည့် ဓာတ်အားလိုင်း/ ဓာတ်အားခွဲရုံသုံးပစ္စည်းများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းသုံးပစ္စည်းများ ဖြန့်ခွဲနေရာချထားမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထောက်ပံ့ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံအမှတ် (၆) နှင့် ဓာတ်အားခွဲရုံ အမှတ်(၁) တို့သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံများဝင်းအတွင်း၌ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှု၊ နေထိုင်နေမှု၊ မီးဖိုဆောင်၊ ရေချိုးခန်း၊ သန့်စင်ခန်းများ ဆောင်ရွက်ထားရှိမှုနှင့် လျှပ်စစ်မီးများ သွယ်တန်းထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်