နေပြည်တော် ဩဂုတ် ၁၅
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒေါ်နုမြဇံ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းက သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းနှင့် မိသားစုဝင်များ ယာယီနေထိုင်နိုင်ရန် Container House များတွင် နေရာချထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးဝင်းအတွင်း၌ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ ယာယီနေထိုင်လျက်ရှိသည့် ရွှေအင်ကြင်းရိပ်သာ၊ ရွှေတမာရိပ်သာနှင့် ရွှေညောင်ပင်ရိပ်သာတို့ရှိ Container House များနှင့် ကွန်ကရစ်လမ်းများ ခင်းကျင်းပြီးစီးမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန လေ့ကျင့်ရေးကဇာတ်ရုံအနီးရှိ Container House များ၊ သဒ္ဓမ္မဝေပုလ္လကျောင်းတိုက်ရှိ Con-tainer House များနှင့် စမတောင်ဝန်ထမ်းအိမ်ရာရှိ Container House များတွင် ဝန်ထမ်းနှင့် မိသားစုဝင်များ နေထိုင်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းနှင့် မိသားစုဝင်များအား တွေ့ဆုံ၍ မိသားစုတစ်စုလျှင် ဆန်ခြောက်ပြည်အိတ်တစ်အိတ်နှင့် ၅၀ ကျပ်သားဝင် ဆီတစ်ဘူးစီတို့ကို ဝန်ထမ်းမိသားစု ၁၃၃၃ စုတို့အတွက် ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများအနေဖြင့် Container House များ၌ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ နေထိုင်နိုင်ရေး၊ သောက်သုံးရေနှင့် မီး၊ မိလ္လာစနစ်ကောင်းမွန်ရေး၊ ကူးစက်ရောဂါများ မဖြစ်ပေါ်စေရေး၊ Container House ဧရိယာအတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ကြရန် မှာကြားသည်။
သတင်းစဉ်