နေပြည်တော် ဩဂုတ် ၁၅
မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် အန်းနင်မြို့၌ကျင်းပသည့် (၁၀) ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
(၁၀) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မာရစ်ဆတ်ငီယမ်ဖုန်တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး အစည်းအဝေးသို့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရက်ဆုတ်ခ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာထောင်ဆာဗန်ဖုန်ဗီဟေးနှင့် ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဗွီသန်းစွန်းတို့ တက်ရောက်ကြသည်။
အဆိုပါအစည်းအဝေးကို “ရွှေရောင်ဆယ်စုနှစ် စည်းလုံးညီညွတ်မှုဖြင့် ပိုမိုကောင်းမွန်သောအသိုက်အဝန်းတည်ဆောက်ရန် ဆက်လက်ကတိပြုခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေအပေါ် သုံးသပ်ဆွေးနွေးကြကာ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအောက်တွင် မြန်မာနိုင်ငံမှ အကောင်အထည်ဖော်ဆောင်မှုများကို အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များကို ရှင်းလင်းပြောကြားပြီး အဖွဲ့၏ အနာဂတ်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ စိုက်ပျိုးရေး၊ စွမ်းအင်လုံခြုံရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေး၊ ရေအရင်းအမြစ်၊ ရာသီဥတုပြောင်းလဲမှုနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ ပြည်သူအချင်းချင်းအပြန်အလှန်ဖလှယ်ရေး စသည့်နယ်ပယ်များတွင် အလေးအနက်ထားပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပသည့် “တရုတ်-လာအို-မြန်မာ-ထိုင်းလေးနိုင်ငံဆွေးနွေး ပွဲ”သို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီး၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ပါဝင်တက်ရောက်သည်။
ဆွေးနွေးပွဲတွင် နိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာ-တရုတ်-လာအို-ထိုင်း လေးနိုင်ငံအကြား နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် တရားမဝင်နယ်စပ်ကုန်သွယ်ရေး၊ မူးယစ်ဆေးဝါးနှင့် လက်နက်ရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုပူးပေါင်းတိုက်ဖျက်ရေးတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံတွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် ကိစ္စအပါအဝင် လတ်တလောဖြစ်ပေါ် တိုးတက်မှုများကို ရှင်းလင်းပြောကြားရာ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ လာအိုနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့က မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပမည့် ကိစ္စနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများအပေါ် ထောက်ခံအားပေးခဲ့ကြသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက (၁၀) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံခြားရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့များကို ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် အန်းနင်ရေပူစမ်းဟိုတယ်၌ ကြိုဆိုဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဖြစ်ပြီး ဒေသတွင်းနေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု ပိုမိုခိုင်မာစေရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် မဲခေါင်ဒေသခွဲနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ မြန်မာနိုင်ငံ၏အမျိုးသားဘက်စုံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာအား အထောက်အကူပြုနိုင်စေရန်အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေမှ စီမံကိန်း ၁၃၂ ခုအတွက် စုစုပေါင်းရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းခန့်ကို မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
သတင်းစဉ်