၂ဝ၂၄ ခုနှစ် ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည်။ ကျေးလက်ဒေသများတွင် နေထိုင်ကြသော ပြည်သူများအနက် ၅၀ ရာခိုင်နှုန်းကျော်သည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သစ်တောကဏ္ဍလုပ်ငန်းများတွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်ဆောင်ရွက်ကြသောသူများဖြစ်သည်။ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံတော်၏စီးပွားရေးကို လျင်မြန်စွာဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများသည် မြန်မာနိုင်ငံတွင်ရှိသည့် တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေး ဝမ်းကျောင်းလုပ်ငန်းများဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်း ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို တိုးမြှင့်ဖော်ဆောင်ပေးလျက်ရှိသည်။ ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးနှင့် ပိုလျှံရေးအတွက် ဆန်စပါးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေး၊ ပဲမျိုးစုံစိုက်ပျိုးရေးနှင့်အသား၊ ငါးရေထွက်ထုတ်ကုန်တိုးတက်ထုတ်လုပ်နိုင်ရေးတို့ကို နှစ်စဉ်နှစ်တိုင်းတိုးတက်ဖြစ်ထွန်းအောင် ကြိုးပမ်းလျက်ရှိသည်။ စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသီးနှံအဖြစ်သတ်မှတ်ထားသော သီးနှံ ၁၀ မျိုး ပန်းတိုင်ရည်မှန်းချက် ပြည့်မီစေရန် ဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်မည်ဆိုပါက အလုပ်အကိုင်အခွင့်အလမ်းများပေါများပြီး တစ်ဖက်တွင်လည်း ဆင်းရဲမွဲတေမှုလျှော့ချရေးကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံကို လယ်ယာစိုက်ပျိုးရေးစွမ်းပကားရှိသည့် စိုက်ပျိုးစွမ်းအားမြင့်မားသော နိုင်ငံအဖြစ် တည်ဆောက်ရာတွင် ဒေသနှင့်ကိုက်ညီသည့်သီးနှံများကို ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်၊ နိုင်ငံတကာဈေးကွက်ဝင်စေမည့် အကျိုးအမြတ်ရှိပြီး ခိုင်မာသေချာသည့် သီးနှံထုတ်လုပ်မှုဖြစ်ပေါ်စေရန်၊ နိုင်ငံတကာမှ တိုးတက်ဖြစ်ထွန်းလာသည့် စိုက်ပျိုးထုတ်လုပ်မှု နည်းစနစ်များကို ရယူအသုံးချနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် အခြေခံသွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိရေးအတွက် ပြည်ပမှမှာယူတင်သွင်းမှုများအပြင် ပြည်တွင်း၌ ထုတ်လုပ်ဖြန့်ဖြူးနိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ပမှသွင်းအားစုများကို နှစ်စဉ်မှာယူတင်သွင်းနေရသောကြောင့် ကုန်ပစ္စည်းတန်ဖိုး အပြောင်းအလဲဖြစ်စေနိုင်သောအချက်များ လျော့ပါးသက်သာစေရန် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား ပြည်တွင်းမှ အရင်းအနှီးငွေကြေးတတ်နိုင်သည့် လုပ်ငန်းရှင်များ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံပါဝင်ဆောင်ရွက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်နေသည့် သွင်းအားစုများ အစားထိုးရရှိရေး၊ ဘဏ္ဍာငွေအကူအညီပေးရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်များရရှိရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိသည်။
နိုင်ငံအတွက်လိုအပ်သည့် ပညာတတ်လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရက KG+9 အထိ မသင်မနေရပညာရေးစနစ်ကို နိုင်ငံတော်၏ အနိမ့်ဆုံးပညာရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်ခဲ့သည်။ ၂၀၂၃-၂ဝ၂၄ ပညာသင်နှစ်မှစတင်၍ အဆိုပါပညာရေးအဆင့်ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာ ဆက်လက်သင်ယူနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်စက်မှုနည်းပညာဘာသာရပ်များ သင်ကြားပေးသည့် အထက်တန်းကျောင်းများကို ဖွင့်လှစ်ပေးခဲ့သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို ခရိုင် ၈၈ ခုတွင် ၈၉ ကျောင်းအထိဖွင့်လှစ်ပေးနိုင်ခဲ့သည်။ ဆက်လက်၍ လက်တွေ့အသုံးချသိပ္ပံပညာရပ်နှင့် နည်းပညာရပ်များ ပေါင်းစပ်သင်ကြားပေးသည့် တက္ကသိုလ်ရှစ်ခုကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သို့ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးစားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်စွမ်းအားမြင့်မားပြီး နိုင်ငံ့စီးပွားရေးတိုးတက်မြင့်မားလာရေးအတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင် လိုအပ်သည့် ကဏ္ဍများကို နိုင်ငံတော်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။