Skip to main content

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားအလေးထား၍ ထိထိရောက်ရောက် တိုက်ဖျက်

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများနှင့် အဖွဲ့အစည်းများက ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို အောင်မြင်မှုမရှိစေရန် အဖျက်အမှောင့်လုပ်ရပ်များ၊ ထိုးနှက်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်။ ယင်းသို့ပြုလုပ်ရာတွင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား စသည့် တစ်ဖက်လှည့် ထိုးနှက်မှုများကိုပြုလုပ်ပြီး နိုင်ငံ၏လုံခြုံရေး၊ ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သည့် အသွင်ဖြင့် ပုံဖော်လုပ်ဆောင်လာနိုင်သည်။

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားတို့မှာ မိမိတို့နိုင်ငံတွင် အချို့လက်နက်ကိုင်သောင်းကျန်းသူများ ထိန်းချုပ်ထားသည့် ဒေသများ၊ ၎င်းတို့လှုပ်ရှားနေသည့် နယ်မြေများတွင် အများအပြားလုပ်ကိုင်နေကြခြင်းဖြစ်သည်။ ရာဇဝတ်မကင်းသော အဆိုပါဒုစရိုက်လုပ်ငန်းများမှာ ၎င်းတို့၏အဓိကဝင်ငွေလမ်းကြောင်းများတွင် ပါဝင်ပြီး အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ဝင်များမှာလည်း အဆိုပါလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြသည်ကို တွေ့ရသည်။ ၎င်းတို့စိုးမိုးရာနယ်မြေများမှ ထုတ်လုပ်လိုက်သည့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့ကို နယ်စပ်မှဖြတ်ကျော်၍ အိမ်နီးချင်းနိုင်ငံများသို့ သယ်ဆောင်ကြသည့်အပြင် ပြည်တွင်းသို့လည်း လမ်းကြောင်းအမျိုးမျိုးတို့မှတစ်ဆင့် သယ်ဆောင်ကာ ပြည်တွင်းဒေသအသီးသီးနှင့် ပြည်ပနိုင်ငံများသို့ သယ်ဆောင်နေကြခြင်းဖြစ်သည်။ သို့ရာတွင် သူခိုးက လူဟစ်သည့်ဥပမာကဲ့သို့ပင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားနှိမ်နင်းရေးဟူ၍ အသံကောင်းဟစ်ကာ ရွေးကောက်ပွဲပျက်‌အောင် တိုက်ကွက်ဖော်ခြင်း၊ ပြည်တွင်းဒေသများ မတည်မငြိမ်ဖြစ်အောင် ဖန်တီးခြင်းတို့ ပြုလုပ်ဖန်တီးလာနိုင်သည်။

ယခုအခါ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများမှာ အချိန်နှင့်တစ်ပြေးညီတစ်ခုပြီး တစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့် ပုံပေါ်လာလျက်ရှိသည်။ ဒေသအလိုက် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပိုမိုခိုင်မာအားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိပြီး မြို့နယ်များအလိုက် ရွေးကောက်ပွဲများ ပိုမိုတိုးချဲ့ကျင်းပနိုင်စေရန် နယ်မြေစိုးမိုးမှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်ရာတွင် မဲပေးခွင့်ရှိသူ ပြည်သူများအားလုံးဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံရေးပါတီများ မဲစည်းရုံးရေးနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လုံခြုံရေးစသည်ဖြင့် ဒေသများအလိုက် လုံခြုံရေးပိုင်းဆိုင်ရာများ ကောင်းသည်ထက်ကောင်းမွန်စေရန် စဉ်ဆက်မပြတ်ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

ပြည်သူများ လိုလားတောင့်တလျက်ရှိသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်လိုအပ်သည်။ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများ၊ အဖျက်အမှောင့်သမားများမှာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခြင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမည့်အခြေအနေများ ဖြစ်ပေါ်လာခြင်းတို့ကို မလိုလားသူများဖြစ်သည့်အလျောက် ရွေးကောက်ပွဲကို ယခုအချိန်ကပင် နှုတ်အားဖြင့်စတင်၍ မဟုတ်မမှန်လုပ်ကြံပြောကြား တိုက်ခိုက်နေကြပြီဖြစ်သည်၊၊ ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ နိုင်ငံလုံခြုံရေးနှင့် ဒေသလုံခြုံရေးတို့ ထိခိုက်ပျက်စီးစေရန် အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုအားထုတ်ပြုလုပ်လာကြဖွယ်ရှိသည်။

ယင်းသို့ ပြုလုပ်ကြရာတွင် မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား စသည်တို့ဖြင့် အကြောင်းပြပြီး တစ်ဖက်လှည့်တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်၊၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံးတွင် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကို အခိုင်အမာတည်ဆောက်ရင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းလောင်းကစားနှိမ်နင်းရေးတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်ရာ ပြည်သူလူထုတစ်ရပ်လုံးကလည်း တစ်တပ်တစ်အား ဝိုင်းဝန်းပါဝင်ကြရပါမည့်အကြောင်း၊၊ ။