Skip to main content

ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး အဖျက်အမှောင့်အမျိုးမျိုးတို့ကို ဆန့်ကျင်

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီးစီးချိန်တွင် လွှတ်တော်ခေါ်ယူ၍ ထွက်ပေါ်လာသည့်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို ထမ်းဆောင်နိုင်အောင် ဆောင်ရွက်ပေးရေးသည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်၏ အန္တိမရည်မှန်းချက်တာဝန်ပင်ဖြစ်သည်။ ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အနှစ်သာရပင်ဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သည့် ကိုယ်စားလှယ်များနှင့် လွှတ်တော်ခေါ်ယူ၊ လွှတ်တော်မှသမ္မတ၊ ဒုတိယသမ္မတ၊ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများ၊ သမ္မတကတာဝန်ပေးအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ စသည်တို့ ပေါ်ပေါက်လာမည်ဖြစ်ရာ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။

ယခုနှစ်ကုန် လာမည့်နှစ်ဆန်းတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် ပြည်သူလူထု၏ မျှော်လင့်ချက်၊ အလိုဆန္ဒတို့နှင့်အညီပင်ဖြစ်သည့်တိုင် ရွေးကောက်ပွဲဖြစ်ပေါ်လာမည်ကို မလိုလားသည့် လက်နက်ကိုင်အကြမ်းဖက်အဖျက်သမားတို့ကမူ ရွေးကောက်ပွဲဟု အသံကြားသည်နှင့်ပင် မပျက်ပျက်အောင် ဖျက်ဆီးရမည်ဟု အာပေါင်အာရင်းသန်သန်ဖြင့် ကြုံးဝါးနေကြပြီဖြစ်သည်။ ၎င်းတို့အနေဖြင့်မူ နိုင်ငံ၏ လက်ရှိအခြေအနေသည်သာ ၎င်းတို့အတွက် အကြောင်းပြစရာအကောင်းဆုံး၊ ရပ်တည်နိုင်ရန် အဆင်အပြေဆုံးဖြစ်ရာ ပြည်သူကရွေးကောက်တင်မြှောက်သည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာမည့် အခြေအနေမျိုးကို ဆန့်ကျင်ရန်တာစူနေကြခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ ပြည်တွင်းဒေသအနှံ့အပြားတွင် ဖြစ်ပွားနေခြင်း၊ ဒေသနေပြည်သူများ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရခြင်း၊ မြို့များ၊ ရွာများပျက်စီးနေရခြင်း၊ နိုင်ငံရေးမျက်စိလည်လမ်းမှားခဲ့သည့် လူငယ်လူရွယ်များ သေကျေဒဏ်ရာရဘဝပျက်နေကြရခြင်းတို့မှ အကြမ်းဖက်လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်တို့အဖို့ အကျိုးအမြတ်များစွာဖြစ်ပေါ်လျက်ရှိရာ လက်ရှိအခြေအနေကို လက်မလွှတ်နိုင်အောင် ဖက်တွယ်ထားလိုကြခြင်းဖြစ်သည်။

“ရွေးကောက်ပွဲဖြစ်မြောက်မှုမရှိစေရေး ပြည်တွင်းပြည်ပမှ အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်လာမည့်သူများ၊ အဖွဲ့အစည်းများလည်း ရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲအောင်မြင်မှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လာနိုင်ကြောင်း၊ အလားတူ ပြည်ပနိုင်ငံများအနေဖြင့်လည်း မိမိတို့နိုင်ငံ၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည့်အပေါ် ထောက်ခံအားပေးသည့်၊ အပြုသဘောဆောင်သည့် နိုင်ငံများရှိသကဲ့သို့ ရွေးကောက်ပွဲအပေါ် စောဒကတက်သည့် နိုင်ငံများလည်းရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျင်းပမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး၊ မသမာမှုကင်းရှင်းသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း” နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၁၂ ရက်တွင်ကျင်းပသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အစည်းအဝေး၌ အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကျင်းပရေးဆီသို့ ဦးတည်ကာ အချိန်ကာလနီးကပ်လာသည်နှင့်အမျှ ရွေးကောက်ပွဲအောင်မြင်မှုမရှိအောင် အဖျက်အမှောင့်အမျိုးမျိုးတို့ ဖြစ်ပေါ်လာနိုင်သလို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုကို သူလျှိုဒလန်စွပ်စွဲသတ်ဖြတ်မှုများ၊ နိုင်ငံလုံခြုံရေး၊ ဒေသလုံခြုံရေးထိခိုက်စေနိုင်သည့် အသွင်အမျိုးမျိုးဖြင့် ထိုးနှက်မှုများဖြစ်ပေါ်လာနိုင်သည်ကို သတိကြီးစွာထားရှိကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပုံမှန်ပြန်လည်လျှောက်လှမ်းနိုင်ရေးအတွက် မဖြစ်မနေကျင်းပရမည့် ရွေးကောက်ပွဲကို ဟန့်တားနှောင့်ယှက်ဖျက်ဆီးမှုဟူသမျှကို ပြည်သူအားလုံးက တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းပါဝင်ဆန့်ကျင်ဖယ်ရှားကြရပါမည့်အကြောင်း။ ။