Skip to main content

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၀) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၇

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် (၁/၂၀၂၀) လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ရှေးဦးစွာ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကုန်သွယ်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး၊ ကုန်သွယ်မှုပညာပေးရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေး စသည့် လုပ်ငန်းများကို တာဝန်ယူဆောင်ရွက် လျက်ရှိသည့်အပြင် SMEs ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး၊ အထူးစီးပွားရေးဇုန် များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက် လျက်ရှိပါကြောင်း။

စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်တွင် စားသုံးသူကာကွယ်ရေးဥပဒေကိုပြဋ္ဌာန်းခဲ့ပြီး ၎င်းဥပဒေအရ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကော်မရှင် ဖွဲ့စည်းပြီးနောက် ၁/၂၀၁၉ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပခဲ့ပြီး ဆုံးဖြတ်ချက် (၉) ချက် ချမှတ် ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့ တာဝန်ထမ်းဆောင်ခဲ့သည့်ကာလအတွင်း ဥပဒေအရ ရရှိ ထားသည့် လုပ်ပိုင်ခွင့်နှင့် တာဝန်များ အရ စားသုံးသူကာကွယ်ရေးဆိုင်ရာ မူဝါဒများရေးဆွဲခြင်းနှင့် အစီအမံများ ချမှတ်ခြင်း၊ စားသုံးသူ အသုံးပြုမည့် သို့မဟုတ် စားသုံးမည့်ကုန်စည်များ လုံခြုံစိတ်ချရမှုရှိစေရန် ဦးစားပေး ကဏ္ဍများ သတ်မှတ်ပေးခြင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စားသုံး သူရေးရာကော်မတီ၊ ပြည်ထောင်စုနယ်မြေ စားသုံးသူရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လိုအပ်ပါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစားသုံးသူ ရေးရာကော်မတီနှင့် ခရိုင်စားသုံးသူ ရေးရာကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များကို သတ်မှတ် ပေးခြင်း၊ ဦးစီးဌာန သို့မဟုတ် ကော်မတီကတင်ပြလာသည့် ထူးခြားသောအခြေအနေများ၊ လုပ်ငန်းစဉ်များ၊ ဒဏ်ကြေးငွေချမှတ်ခြင်းများနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊ ကော်မတီက ချမှတ်သော စီမံခန့်ခွဲရေး ဆိုင်ရာ အမိန့်များအပေါ် အယူခံမှုကို သတ်မှတ်ကာလအတွင်း အဆုံး အဖြတ်ပေးခြင်း၊ စားသုံးသူကာကွယ် ရေးဆိုင်ရာ လုပ်ငန်းကော်မတီများကို လိုအပ်ချက်နှင့်အညီ ဖွဲ့စည်းခြင်းနှင့် ယင်းတို့၏ လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်းစသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ ရင်ဆိုင်ခဲ့ရသည့် ကာလများအတွင်း အခြေခံ စားသောက်ကုန်များ၊ ကျန်းမာရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းဈေးနှုန်းများ အဆမတန်မြှင့်တင် ရောင်းချခြင်းမှ ကာကွယ်နိုင်ရန်အတွက် အမိန့်စာများ ထုတ်ပြန်ကြေညာခြင်း၊ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများကို ကော်မရှင်၏ လမ်းညွှန်မှုနှင့်အညီ စားသုံးသူရေးရာ ဦးစီးဌာနက သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ စားသုံးသူကာကွယ် ရေးအတွက် အနာဂတ်ကာလများမှာ ချမှတ်သင့်သောမူဝါဒများ၊ ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စားသုံးသူ ကာကွယ်ရေး ကော်မရှင် အနေဖြင့် စားသုံးသူရေးရာနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းစဉ်များ ထိရောက် စေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး အတွက် မူဝါဒများကို ချမှတ်ဆောင် ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီး ဌာနမှ ပြုစုတင်ပြလာသည့် အမျိုးသား စားသုံးသူကာကွယ်ရေး အစီအစဉ် (NCPP)ကို စနစ်တကျ အကောင် အထည်ဖော်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း၊ NCPP တွင် ထည့်သွင်း ပြဋ္ဌာန်းထားသည့် နှစ်အလိုက် ဆောင်ရွက်ရမည့် Action Plan များကိုလည်း ကော်မရှင်အဖွဲ့ဝင်များမှ ဦးဆောင်၍ စနစ်တကျ ကြပ်မတ် အကောင်အထည်ဖော်သွားရန် လိုကြောင်း၊ စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်များ ပိုမိုထိရောက်စေရေး အတွက် ကဏ္ဍအလိုက် သက်ဆိုင်ရာ ဌာနများနှင့် သီးခြား Working Group များ ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် SOP များ ရေးဆွဲအကောင်အထည် ဖော်သွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စားသုံးသူရေးရာ ကော်မတီများကိုလည်း တိုင်းဒေသကြီး/ ပြည်နယ်များတွင်သာမက ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများ၊ ခရိုင်များကိုလည်း တိုးချဲ့ ဖွဲ့စည်းသွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြ ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်က ကော်မရှင်အစည်းအဝေးသို့ တင်ပြ သည့်အမှာစာများအား ရှင်းလင်း ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကော်မရှင်အဖွဲ့ဝင်များက သက်ဆိုင် ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး အကြံပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကော်မရှင်အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများ၊ စားသုံးသူကာကွယ်ရေး ဆိုင်ရာအသင်းအဖွဲ့များ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီများနှင့်အတူ စားသုံးသူ ပြည်သူများ ပူးပေါင်းပါဝင်ခြင်းဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိုး စီးပွားများကို ပိုမိုထိရောက်စွာ ကာကွယ်စောင့်ရှောက် ပေးနိုင်မည် ဖြစ်သည့်အတွက် အဖွဲ့ဝင်အားလုံး တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်