Skip to main content

ကောင်းမွန်သည့်လူငယ်စွမ်းပကားဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုဆီသို့

ယနေ့လူငယ်များသည် နောင်ဝယ်လူကြီးဖြစ်ပြီး မိမိအကျိုး၊ တိုင်းပြည်အကျိုးကို သယ်ပိုးထမ်းဆောင်ကြမည့်သူများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်နိုင်ငံတော်ကို ပခုံးပြောင်းတာဝန်ယူကြမည့် မျိုးဆက်သစ်များဖြစ်ကြရာ လူငယ်လူရွယ်များ၏ စွမ်းပကား၊ ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဓာတ်ခွန်အားများ တိုးတက်တောက်ပြောင် ကောင်းမွန်လာအောင် ပြုစုပျိုးထောင်မြေတောင်မြှောက် ပေးကြရမည်ဖြစ်သည်။ လူငယ်များအား မြေတောင်မြှောက်မြှင့်တင်ပေးနိုင်မှ နိုင်ငံအနာဂတ်ကောင်းမွန်မည်။

၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို “လူငယ်စွမ်းအားမှသည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ဆီသို့” (Local Youth Actions For The SDGs And Beyond) ဆောင်ပုဒ်ဖြင့် အသိပေးထားသည်။ လူငယ်များ၏ စွမ်းပကားသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သောပန်းတိုင်ဆီသို့ ဦးတည်နေသည်။ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ကို ဖန်တီးကြမည့်မျိုးဆက်များဖြစ်သောကြောင့် အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံပြီး ပညာပြည့်ဝနှလုံးလှသည့် လူငယ်လူရွယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ကြရမည်ဖြစ်သည်။

နိုင်ငံတကာတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ပြီး မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများကို လူငယ်ဟုသတ်မှတ်ထားသည်။ ၂၀၂၅ ခုနှစ် ကမ္ဘာ့လူဦးရေစာရင်းအရ လူငယ် ၁၆ ရာခိုင်နှုန်းရှိပြီး မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ လူငယ် ၃၅ ရာခိုင်နှုန်းခန့်ရှိသည်။ ထို့ကြောင့် နိုင်ငံတကာနှင့်နှိုင်းယှဉ်လျှင် မြန်မာ နိုင်ငံရှိ လူငယ်ရာခိုင်နှုန်းမှာ များပြားသည်ဟုဆိုနိုင်သည်။ အဆိုပါလူငယ်များကို ကောင်းမွန်စွာပျိုးထောင်ပေးနိုင်ပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် တန်ဖိုးရှိစွာအသုံးပြုနိုင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတည်ဆောက်ရေးတွင် အထောက်အကူပြုမည်ဖြစ်သည်။

သို့သော် နိုင်ငံ၏နောက်ခံသမိုင်းကြောင်းနှင့် ဖြစ်ထွန်းနေမှုအခြေအနေများအရ လူငယ်လူရွယ်များ၏ အခန်းကဏ္ဍကို အပြည့်အဝအသုံးမပြုနိုင်သည်ကို တွေ့ရသည်။ လွတ်လပ်ရေးနှင့်အတူဖြစ်ပေါ်လာသည့် နိုင်ငံရေးပယောဂများ၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် လူငယ်များ၏အနာဂတ်များ မှေးမှိန်မှုန်ဝါးနေသလို ခေတ်ရေစီးကြောင်းအရ စိန်ခေါ်မှုများစွာရှိနေသည်ကို တွေ့မြင်နိုင်သည်။ ပဋိပက္ခ များနှင့် အလုပ်အကိုင်အခွင့်အလမ်းပြဿနာများအရ လူငယ်များ ပညာကိုဆုံးခန်းတိုင်အောင် မသင်ယူနိုင်မှုနှင့် နိုင်ငံရေးပယောဂနှင့် ပတ်ဝန်းကျင်ရိုက်ခတ်မှုအရ လမ်းမှားရောက်သည့် လူငယ်များလည်းရှိနေသည်။ နည်းပညာများ တိုးတက်ထွန်းကားလာသည်နှင့်အမျှ လူငယ်များအတွက် ကောင်းကျိုးဆိုးပြစ်များရှိလာသည်။

မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရက လူငယ်များအား နယ်ပယ်အလိုက် အားပေးမြှင့်တင်ဆောင်ရွက်ပေးနိုင်မှုများကြောင့် လူငယ်စွမ်းပကားများဖြင့် နိုင်ငံ့အကျိုး မြှင့်တင်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်။ ပညာရေးကဏ္ဍ၊ အားကစားကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍတို့တွင် လူငယ်လူရွယ်များ၏ စွမ်းပကားများ တိုးတက်ခိုင်မာအားကောင်းလာသည်ကိုတွေ့ရသည်။ လောကတွင် ရုပ်ပိုင်းဆိုင်ရာ ကို ချက်ချင်းတည်ဆောက်နိုင်သော်လည်း စိတ်ပိုင်းဆိုင်ရာကို ကာလတစ်ခု၊ မျိုးဆက်တစ်ခုမက ပြုစုပျိုးထောင်တည်ဆောက်ရသည်။ ထို့ကြောင့် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အတွက် ရေရှည်ရင်းနှီးမြှုပ်နှံရမည်မှာ လူငယ်ကဏ္ဍဖြစ်ပြီး လူငယ်ကဏ္ဍကို အခြေခံပညာကျောင်းများမှ စတင်ပျိုးထောင်လျက်ရှိသည်။

သို့ဖြစ်ရာ လူငယ်လူရွယ်များကို ငယ်စဉ်ကပင် စဉ်ဆက်မပြတ် ပညာသင်ကြား နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ခြင်း၊ အသိဉာဏ်ပညာနှင့် ပြည့်စုံစေရန် စာပေဖတ်ရှု သည့်အလေ့အထ ထူထောင်ပေးခြင်း၊ စာပေမှတစ်ဆင့် ဆွဲဆောင်စည်းရုံးခြင်း၊ လူငယ်များ စုဝေးဆွေးနွေးဆောင်ရွက်ခြင်း၊ လူငယ်အားကစားအမျိုးမျိုးတို့ကို ကဏ္ဍအလိုက် အားပေးမြှင့်တင်ဖြည့်ဆည်းပေးခြင်း၊ ဝါသနာပါရာလုပ်ငန်းစဉ်များ တိုးတက်အောင်မြင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခြင်း၊ နည်းပညာများကို အကျိုးရှိထိရောက်စွာ အသုံးချစေခြင်း၊ အများအကျိုးဆောင်ရွက်လိုစိတ်များ တိုးပွားလာစေရန် ဖန်တီးပေးခြင်း၊ မိမိနိုင်ငံ၊ မိမိလူမျိုး၊ မိမိယဉ်ကျေးမှုနှင့်ကိုက်ညီသည့် ကိုယ်ကျင့်တရားနှင့် ကျင့်ဝတ်စံနှုန်းများ တိုးပွားလာအောင် ဆောင်ကြဉ်းပေးခြင်း စသည်တို့ကို ပျိုးထောင်ပေးပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ပန်းတိုင်သို့ တက်လှမ်းနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။