နေပြည်တော် ဩဂုတ် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပဲခူးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒိုက်ဦး-ဥသျှစ်ကုန်းလမ်းမှ ဗျက်ကလေးကျေးရွာချင်း အဝင်လမ်းအား ကွန်ကရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုနှင့် ဒိုက်ဦးမြို့နယ် ဒိုးတန်းကျေးရွာနေ တောင်သူဦးမောင်စိုး၏ အောင်နိုင်တိုး အထွက်တိုးမျိုး စံပြမိုးစပါးစိုက်ခင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပဲခူးမြို့နယ် ပြည်တော်အေးကျေးရွာရှိ ဥဿာစိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်သမဝါယမအသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ သမဝါယမ အသင်းများဖွဲ့စည်းပေးသည်။ ထို့ပြင်တောင်သူများ အဓိကလိုအပ်သော မျိုးကောင်းမျိုးသန့်များရရှိရေး၊ သီးနှံများ ဈေးကွက်ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး တောင်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အသင်းပိုင်ငါးမွေးကန်များ၌ ငါးမြစ်ချင်းငါးမျိုးများ စိုက်ထည့်ပေးခဲ့ပြီး ဒေသကြက်မွေးမြူရေးခြံအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သနပ်ပင်မြို့နယ် ဖရဲကျေးရွာသို့ရောက်ရှိပြီး ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ရေး စီမံကိန်း(RBF) ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ရွှေငါးအစုအဖွဲ့၏ ငါးစီဖောင်းခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းဆောင် ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ အခြေခံစက်ချုပ်ပညာသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသော စက်ချုပ်လုပ်ငန်းဆောင်ရွက်နေသူများ၏ စက်ချုပ် ဆိုင်လုပ်ငန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် အိမ်တိုင်ရာရောက် ရေမီတာတပ်ဆင်အသုံးပြု နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် အောက်ဝါးနက်ချောင်းကျေးရွာရှိ Myanma Awba Bio Tech ကုမ္ပဏီလီမိတက်၏ Organic Compound Fertilizer စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး စွန့်ပစ်ပစ္စည်းများမှ သဘာဝမြေဩဇာထုတ်လုပ်မှုကို အားပေးဆောင်ရွက်လျက်ရှိပြီး ထွက်ရှိလာသော သဘာဝမြေဩဇာများကို တောင်သူအား ဈေးနှုန်းသက်သာစွာဖြင့် ရရှိနိုင်အောင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား၍ စက်ရုံအတွင်း သဘာဝမြေဩဇာ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်