Skip to main content

နည်းပညာရှင်လူငယ်များကို စံအရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်

နေပြည်တော် ဩဂုတ် ၈

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) အစည်းအဝေးခန်းမ၌ အဆိုပါစက်မှုလက်မှုသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမ များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မော်လမြိုင်စက်မှုဇုန်နှင့် ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးကုန်ကြမ်းအခြေပြု စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန်တကယ် အထောက်အကူပြုနိုင်မည့် နည်းပညာရှင်လူငယ်များကို စံအရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး စာသင်ခန်းများ၌ အင်ဂျင်နီယာ ဘာသာရပ်များကို စိတ်ဝင်စားစွာ သင်ကြားနေကြသော ကျောင်းသားများကို နှုတ်ဆက်အားပေးစကား ပြောကြားကာ ကျောင်းသားများထံ သုတေသနထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် စာကြည့်တိုက်၌ စာပေလေ့လာဖတ်ရှုလျက်ရှိသော ကျောင်းသားများ၊ စာကြည့်တိုက်အတွင်း အခန်းပြင်ဆင်ဖွဲ့စည်းထားရှိမှုနှင့် စာအုပ်များထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားပြီး ကျောင်းသားများအတွက် နည်းပညာ၊ သုတ၊ ရသစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။           

သတင်းစဉ်