ရန်ကုန် ဩဂုတ် ၈
ယနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်ဝါခေါင်လပြည့် (မေတ္တာအခါတော်နေ့)ဖြစ်သည့် အားလျော်စွာ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၇ ခုနှစ် မေတ္တာအခါတော်နေ့အခမ်း အနားများကို ယနေ့နံနက် ၅ နာရီခွဲမှစတင်၍ စေတီတော်ရင်ပြင်ရှိ သတ်မှတ်နေရာများ၌ ကျင်းပသည်။
ဦးစွာရွှေတိဂုံစေတီတော်မြတ်ကြီးအား အရုဏ်ဆွမ်းတော်ဆက်ကပ်ပူဇော်ပွဲကို စေတီတော်ရင်ပြင် ဧည့်ခံတန်ဆောင်း၌ ကျင်းပရာ ဂေါပကအဖွဲ့ဝင်များနှင့် ဘာသာရေးဝတ်အသင်းအဖွဲ့ဝင်များက စေတီတော်မြတ်ကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ မေတ္တာအခါတော်နေ့ အသံမစဲမေတ္တာပို့ အောင်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်းအဖွဲ့များက စိန်ရောင်ခြည်ဘုရားပင့်ဂါထာတော်ဖြင့် ဘုရားရှင်အား ပင့်လျှောက်ထားခြင်း၊ နတ်ဗြဟ္မာများအား ဖိတ်ကြားခြင်း၊ ရွှေတိဂုံဘုရားရှိခိုးဂါထာတော်ဖြင့် ရှိခိုးပူဇော်ခြင်း၊ ဓမ္မစကြာအမွှမ်းဂါထာ ရွတ်ဆိုပူဇော်ခြင်း၊ ဆုတောင်းအမျှဝေခြင်း၊ ကမ္ဘာသူကမ္ဘာ သား၊ ဝေနေယျသတ္တဝါအပေါင်းတို့အား စုပေါင်းမေတ္တာပို့သခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ စုရပ်မှစတင်၍ ပန်းပေါင်း ၈၄၀၀၀ ဖြင့် ဆင်ယင်ပူဇော်ထားသည့် ပန်းစေတီများ လှည့်လည်ပူဇော်ပွဲ အခမ်းအနားကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာ ဝစ္စအသင်းများနှင့် ဝန်ထမ်းများက ပန်းစေတီ များပင့်ဆောင်၍ ရင်ပြင်တော်တစ်ပတ် လှည့်လည်ပူဇော်ကြပြီး ပွင့်တော်မူပြီးသော ဘုရားရှင်လေးဆူတို့အား ရည်မှန်းပူဇော်သည့်အနေဖြင့် အရှေ့ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကကုသန္ဓရုပ်ပွားတော်၊ တောင်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကောဏာဂမန ရုပ်ပွားတော်၊ အနောက်ဘက်အာရုံခံမုခ်ဦးအတွင်းရှိ ကဿပရုပ်ပွားတော်၊ မြောက်ဘက် အာရုံခံမုခ်ဦး အတွင်းရှိ ဂေါတမရုပ်ပွားတော်တို့အား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများက လည်းကောင်း၊ အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများက လည်းကောင်း ပန်းစေတီများကို ကပ်လှူပူဇော်ကြ သည်။
ဆက်လက်၍ ဝါတွင်းသီလခံယူပွဲ၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အနုမောဒနာအခမ်း အနားကို ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပရာ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဘန္ဒန္တအဂ္ဂသာမိထံမှ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေးဝတ်အသင်း အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက နဝင်္ဂသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဩဝါဒါစရိယ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေကြ ပြီး ဩဝါဒါစရိယဆရာတော်ကြီးများအား ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြ သည်။
သတင်းစဉ်