Skip to main content

ထိုင်းဘုရင့်လေတပ်မှ အဆင့်မြင့်အရာရှိကြီးများ ခရီးစဉ်လာရောက်

နေပြည်တော် ဩဂုတ် ၈

မြန်မာ - ထိုင်း နှစ်နိုင်ငံလေတပ်များအကြား အရာရှိကြီးများ အပြန်အလှန်လည်ပတ်ရေး အစီအစဉ်အရ ထိုင်းဘုရင့်လေတပ်မှ Air Marshal Srit Vuteerapol ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဩဂုတ် ၄ ရက်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိကြရာ တပ်မတော်(လေ)မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်မှ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့် လေတပ် စစ်သံမှူးတို့အား တပ်မတော်(လေ)မှ စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Chatrium ဟိုတယ်၌ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ညပိုင်းတွင် ထိုင်းဘုရင့်လေတပ်မှ Air Marshal Srit Vuteerapol ဦးဆောင်သော အဆင့်မြင့် အရာရှိကြီးများအား စစ်ဦးစီးအရာရှိချုပ်(လေ)က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

အဆိုပါ ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ခရီးစဉ် လာရောက်စဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများဖြစ်သည့် ရွှေတိဂုံစေတီတော် မြတ်ကြီး၊ ဗိုလ်တထောင်ဘုရား၊ ဆူးလေဘုရား၊ ကမ္ဘာအေးဘုရား၊ ပဲခူးမြို့ရှိ ရွှေသာလျောင်းရုပ်ပွားတော်မြတ်ကြီးနှင့် ရွှေမော်ဓောဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဝန်ကြီးများရုံး၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကမ္ဘောဇသာဒီရွှေနန်းတော်သို့ သွားရောက်လေ့လာ လည်ပတ်ကြည့်ရှုကြသည်။

ထိုင်းဘုရင့်လေတပ်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်မှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော်(လေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်လေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်