နေပြည်တော် ဩဂုတ် ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ မဲခေါင်- လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ စီမံကိန်းအစီအစဉ်ဖြင့် နေပြည်တော် ဧရိယာအတွင်းရှိ နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နည်းပညာနှင့် ဗဟုသုတမျှဝေခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရေဆင်း၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ပါရဂူဘွဲ့လွန်၊ မဟာသိပ္ပံဘွဲ့လွန်၊ ဘွဲ့ကြိုကျောင်းသား ကျောင်းသူများ စုစုပေါင်း ၈၀ ခန့် တက်ရောက်ကြသည်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် နွားများ၏ မျိုးပွားအင်္ဂါလုပ်ငန်း စွမ်းဆောင်ရည်ဆိုင်ရာ ကြုံတွေ့ရသော အခြေအနေများ၊ ဆက်နွှယ်သည့် ကုသမှုများနှင့် သုံးသပ်ချက်များကို ဆွေးနွေးကြသည်။ ဦးစွာ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ခွဲစိတ်ကုနှင့်မျိုးပွားပညာဌာနမှ ဌာနမှူး၊ ပါမောက္ခ ဒေါက်တာစိုးဝင်းနိုင်က မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၄ စီမံကိန်း အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသော နွားမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ၏ အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တွဲဖက်ပါမောက္ခ ဒေါက်တာသက်စုမြတ်၊ တွဲဖက်ပါမောက္ခ ဒေါက်တာအေးစိုး၊ တွဲဖက်ပါမောက္ခ ဒေါက်တာ စိုးဝင်းကျော်၊ တွဲဖက်ပါမောက္ခ ဒေါက်တာ ဟေမာကျော်နှင့် မျိုးပွားပညာဆိုင်ရာ ကျွမ်းကျင် ဆရာ ဆရာမများက နွားများ၏ မျိုးပွားခြင်းနှင့် ပတ်သက်၍ မျိုးမအောင်ရခြင်း အကြောင်းရင်းများနှင့် နွားမျိုးပွားခြင်းဆိုင်ရာ စောင့်ရှောက်ခြင်းပညာရပ်များကို ရှင်းလင်းဟောပြောကြသည်။
သတင်းစဉ်