နေပြည်တော် ဩဂုတ် ၈
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်၌ ဂျူဒိုနှင့်ပီတန်းအားကစားအဖွဲ့များ စခန်းဝင်လေ့ကျင့်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲတွင် ဝိတ်တန်းအပြည့်နှင့် အားကစားသမားအင်အားပြည့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း(Gold Camp)ရှိ ဂျူဒိုလေ့ကျင့်ရေးခန်းမ၌ ဂျူဒိုနှင့် ဂျူဂျစ် ဆု အားကစားသမားများ၏ လေ့ကျင့်နေမှုကို လည်းကောင်း၊ ပီတန်းအားကစားသမားများ၏ပြိုင်ပွဲ ပုံစံလေ့ကျင့်ယှဉ်ပြိုင်နေမှုကိုလည်းကေင်း လှည့်လည်ကြည့်ရှုပြီး အားကစားသမားများနှင့်တွေ့ဆုံကာ အုပ်ချုပ်သူ၊ နည်းပြများအနေဖြင့် မိမိအားကစား သမားများ၏အခြေအနေကို လေ့လာသုံးသပ်၍ အားနည်းချက်၊ အားသာချက်များကို ပြန်လည်ပြုပြင် သင်ကြားလေ့ကျင့်ပေးသွားရန် မှာကြားသည်။
ထို့နောက် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) စားရိပ်သာ၌ အားကစားသမား များ နေ့လယ်စာ စားသုံးနေမှုကို ကြည့်ရှုစစ်ဆေးပြီး အားကစားဆေးဘက်ဆိုင်ရာ ဆရာဝန်၏ Sports Nutrition နှင့်အညီ တွက်ချက်ထားသည့် အားကစားသမားတစ်ဦး တစ်နေ့တာလိုအပ်သည့် ကယ်လိုရီပမာဏအတိုင်း အာဟာရသင့်တင့်မျှတစွာ ကျွေးမွေးနိုင်ရေးအတွက် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်