ရန်ကုန် ဩဂုတ် ၈
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ၊ အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ Kabar Training သင်တန်းကျောင်း၌ ကျောက်ပုံးရိုက် သင်တန်းဖွင့်လှစ်နေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက အလုပ်အကိုင်အခွင့် အလမ်းရရှိရေးအတွက် အထောက်အကူပြုသည့် သင်တန်းဖြစ်၍ သင်ခန်းစာများကို စိတ်ပါဝင်စားစွာ သင်ယူမှတ်သားရန်၊ ကျွမ်းကျင် မှုရှိအောင်လေ့ကျင့်၍ စနစ်တကျအသုံးချရန်နှင့် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်မှုခံယူခြင်းဖြင့် ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် အခွင့်အလမ်းကောင်းများရရှိနိုင်ရေးဆောင်ရွက်ရန် ပြောကြားသည်။
ထို့နောက် မင်္ဂလာဒုံစက်မှုဇုန် ရှိ TI ၊Famoso အထည်ချုပ်စက်ရုံနှင့် Myanmar DYC ရှူးဖိနပ်စက်ရုံများကို ကြည့်ရှုစစ်ဆေးပြီး တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး၊ အလုပ်ရှင်အလုပ်သမား လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
သတင်းစဉ်